မဲဆောက်တွင် နည်းပညာသုံး ငွေကြေးလိမ်လည်သည်ဆိုကာ မြန်မာ ၃ ဦးဖမ်းဆီးခံရ

ဇူလိူင် ၂၄ ၊ Migrant Times
ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့တွင် နည်းပညာသုံး ငွေကြေးလိမ်လည်သည်ဟုဆိုကာ မြန်မာနိုင်ငံသား ၃ ဦးကိုဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။
ယမန်နေ့ ၊ဇူလိုင်လ ၂၃ ရက်နေ့၊ နေ့လယ်တွင် အသက် ၅၇ နှစ်ရှိ မြန်မာနိုင်ငံသား(၂)ဦးနှင့် အသက် ၅၄ နှစ်ရှိ မြန်မာနိုင်ငံသားတစ်ဦးတို့ကို တာ့ဆိုင်းလွတ်ရပ်ကွက်၊ အိမ်တစ်အိမ်တွင် တရားရုံး၏ ဇူလိုင်လ ၁၈ ရက်စွဲပါ ဖမ်းဝရမ်းများဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းထုတ်ပြန်ချက်ကဆိုသည်။
၎င်းတို့သည် အခြားအဖွဲ့အစည်းများနှင့်ပေါင်းကာ ကွန်ပျူတာတွင် ဒေတာအမှားများသွင်းခြင်း၊နည်းပညာဖြင့်လိမ်လည်လှည့်ဖြားခြင်းစသည့် ငွေကြေးခဝါချမှုပြစ်မှုများတွင် ပါဝင်မှုဖြင့်ဖမ်းဆီးခဲ့ပြီး ဥပဒေအရ အရေးယူရန် အမှတ် ၃ တပ်ရင်း၊ နည်းပညာပြစ်မှုနှိမ်နင်းရေးဌာနခွဲသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိူင် ၁၉ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖော့ဖရာတွင် မြန်မာနိုင်ငံသား ၁၆ ဦး အား တရားမဝင်ဝင်ရောက်မှုဖြင့် ရာဇမနူအထူးတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။
Migrant Times ၏စာရင်းပြုစုချက်အရ ထိုင်းနိုင်ငံတွင် ဇွန်လအတွင်း၌ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၃၇ဝ ဦးထက် မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။