ချင်းမိုင်တွင် ဒူးရင်းသီးရောင်းချသည့် မြန်မာ ၁ ဦး ဖမ်းဆီးခံရ

ဇူလိူင် ၂၅ ၊ Migrant Times

ထိုင်းနိုင်ငံမြောက်ပိုင်း၊ချင်းမိုင်မြို့တွင် လမ်းဘေး၌ ဒူးရင်းသီးလှည့်လည်ရောင်းသည့် မြန်မာနိုင်ငံသား ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။


ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့တွင် ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရုံးမှ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဖန်မြို့နယ်ခွဲ၊ ဝိယန့်ဒေသရှိ နေရာများကို စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ၁ ဦးသည့် ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းချနေသည့်အတွက် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံသားသည် ချင်းမိုင်မြို့၊ ဖန်နှင့် မဲ့အိုင်းမြို့နယ်များတွင် ဘေးတွဲဆိုင်ကယ်ဖြင့် ဒူးရင်းသီးများကို လှည့်လည်ရောင်းချခဲ့ပြီး ဘေးတွဲသုံးဘီးဆိုင်ကယ်မောင်းနှင်ခြင်း (ကုန်ပစ္စည်းလှည့်လည်ရောင်းချခြင်း) သည် ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ထားရှိသော အလုပ်အကိုင်ဖြစ်သည့်အတွက် ဖမ်းဆီးခဲ့ကာ ဥပဒေအရ အရေးယူရန် ဖန်ရဲစခန်းထံ လွှဲပြောင်းခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။

Migrant Times ၏သတင်းစုစည်းမှုအရ ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့တွင် ချင်းမိုင်မြို့၊ မယ့်ရင် ရပ်ကွက်ရှိ စျေးတစ်ခုတွင် စျေးရောင်းခြင်း လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား ၃ ဦးအား ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးခဲ့သည်။

အလားတူ ဇူလိူင်လ ၁၆ ရက်နေ့တွင် ချင်းမိုင်မြို့၊ ချမ်းဖွန့်ရပ်ကွက်ရှိ မြန်မာစားသောက်ဆိုင်ဝန်းတွင် လုပ်ကိုင်နေသည့် မြန်မာ ဆိုင်ရှင်နှင့်လုပ်သား ၆ ဦးကိုလည်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးခဲ့သည်။

ထိုင်းနိုင်ငံတွင် ဇွန်လအတွင်း၌ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၃၇ဝ ဦးထက် မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။

Similar Posts