ဇူလိူင် ၂၅ ၊ Migrant Times ။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ဒေသသို့ ခရီးသွားလာခြင်း ရှောင်ရှားရန်နှင့် လုံခြုံရေး သတိပြုရန် ဗန်ကောက်အခြေစိုက် မြန်မာသံရုံးကယနေ့(ဇူလိူင် ၂၅)တွင်သတိပေး ထုတ်ပြန်သည်။
နယ်စပ်ဒေသတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး ပြည်သူများအား အန္တရာယ်ကင်းရာသို့ ရွေ့ပြောင်းရန် သတိပေးထားကြောင်း၊ နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခများအကြား မလိုလားအပ်သည့် ဖြစ်ရပ်များဖြစ်ပေါ်ခြင်း မရှိစေရန် ထိုင်းရောက် မြန်မာများ သတိပြုရန်လိုကြောင်း ထုတ်ပြန်ချက်ကဆိုသည်။
ထိုင်းနှင့် ကမ္ဘောဒီးယား တို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံကြား လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဗန်ကောက်အခြေစိုက် မြန်မာသံရုံးကပြောသည်။
ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံအကြား ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံတွင် လုံခြုံရေးအရ စစ်ဆေးကြီးကြပ်မှုများ ပိုမိုပြင်းထန်လာနိုင်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား အရေးကူညီနေသည့် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ အမူဆောင်ဒါရိုက်တာ ဦးထူးချစ်က Migrant Times ကိုပြောသည်။
မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာအထောက်အထား စာရွက်စာတမ်းများကို စစ်ဆေးရန်နှင့်ကိုင်ဆောင်ထားကြရန်လိုအပ်ပြီး အရေးပေါ်အခြေအနေများအတွက် သက်ဆိုင်ရာ သံရုံး၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများထံ ဆက်သွယ်ကူညီတောင်းခံနိုင်သည့် အချက်အလက်များစုဆောင်းထားသင့်ကြောင်း ဦးထူးချစ်က အကြံပြုသည်။
ယမန်နေ့ ဇူလိူင်လ ၂၄ ရက်နေ့နံနက်ပိုင်းမှ စတင်ကာ ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ် အူဘွန်ရချသနီနှင့် ဆူရင်ခရိုင်များတွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည်။
ထိုင်းသတင်းများအဆိုအရ ယနေ့နံနက်အထိ တိုက်ပွဲများကြောင့် ထိုင်းဘက်မှ ၁၄ ဦးသေဆုံးခဲ့ပြီး တာမွန်ထုံဘုရားကျောင်းအနီးတွင် ကမ္ဘောဒီးယားနိုင်ငံသား ၂၄ ဦး သေဆုံးခဲ့သည်။ နယ်စပ်ဒေသမှ ထိုင်းဒေသခံ ၁ဝဝ,ဝဝဝ ကျော် စစ်ဘေးတိန်းရှောင်နေရပြီး အရေးပေါ်ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားသည်။
Photo – Khaosod
ဆူရင်ခရိုင်ရှိ ထိုင်းစစ်ဘေးရှောင်စခန်းတစ်ခု။