ဇူလိူင် ၂၅ ၊ Migrant Times ။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မြို့တော်ဝန်ရုံး (အမ်ဖေရုံး)တွင် ဆယ်နှစ်ခံကဒ်(နိုင်ငံမဲ့ကဒ်) မှ ရေရှည်နေထိုင်ခွင့် (PR) ဟုသတ်မှတ်နိုင်သည့် ထိုင်းအစိုးရလူဦးရေစာရင်းဝင်အထောက်အထားကဒ်ပြောင်းလဲခြင်းအား ယနေ့မှစတင်ကာ ပြုလုပ်နေပေးနေကြောင်း မြို့ခံအချို့မှသိရသည်။
ဆယ်နှစ်ခံကဒ်သည် လူနည်းစု၊ တိုင်းရင်းသားများအတွက် ရိုက်နှိပ်ပေးသော ကဒ်အမျိုးအစားဖြစ်ပြီး ၈၉ နံပါတ်ဖြင့်စသည့် ဆယ်နှစ်ခံကဒ်ကိုင်ဆောင်ထားသည့် တိုင်းရင်းသားများ ယခုအစီအစဉ်တွင် လျှောက်ထားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရ လူဦးရေစာရင်းဝင်အထောက်အထားကဒ် ရရှိသူသည် ထိုင်းနိုင်ငံတွင် ရေရှည်နေထိုင်နိုင်ပြီး ခရီးသွားလာခွင့်အတွက် နယ်ကျော် အထောက်အထားတောင်းခံစရာ မလိုပဲ ရာသက်ပန်နေထိုင်ခွင့်ရမည်ဖြစ်သည်။
ထိုင်းအစိုးရ လူဦးရေစာရင်းဝင်အထောက်အထားကဒ် ရရှိသူသည် အစိုးရသတ်မှတ်ချက်များအတိုင်း ၃ နှစ်နှင့်အထက် နေထိုင်ပြီးပါက ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားခွင့်ရှိကြောင်း သိရသည်။
“ထိုင်းမှာမွေးပြီး ထိုင်းမွေးစာရင်းရှိသူတွေအနေနဲ့တော့ ထိုင်းနိုင်ငံသားအဖြစ် ရရှိဖို့ PR လုပ်ငန်းစဉ်မဟုတ်တဲ့ သီးခြားနည်းလမ်းနဲ့ တိုက်ရိုက်စာရင်းပေးသွင်းလျှောက်ထားဖို့လိုပါတယ်” ဟုထိုင်းအစိုးရ လူဦးရေစာရင်းဝင်အထောက်အထားကဒ်နှင့်ပတ်သက်ပြီး မဲဆောက်မြို့ခံတစ်ဦးကပြောသည်။
မဲဆောက်မြို့ပေါ်ရှိ ရပ်ကွက်ရုံးများ၏ ကြေငြာချက်အရ ရေရှည်နေထိုင်ခွင့် ကဒ်ပြောင်းရိုက်ရန် စာရင်းပါဝင်သူများသည် လက်ရှိ ဆယ်နှစ်ခံကဒ် စာရင်းပေးသွင်းထားသည့် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများမှ တစ်ဆင့် လိုအပ်သည့် စာရွက်စာတမ်းများကို ရယူရန်လိုအပ်မည်ဖြစ်သည်။
ထို့နောက်တွင် မဲဆောက်မြို့ မြို့တော်ဝန်ရုံးသို့သွားရောက်ကာ ထိုင်းအစိုးရ လူဦးရေစာရင်းဝင်အထောက်အထားကဒ်လျှောက်ထားနိုင်ကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ – သူရ