ဇူလိူင် ၂၅ ၊ Migrant Times ။
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ အငြင်းပွားနယ်စပ်ဒေသတွင် ဇူလိူင်လ ၂၄ ရက်နေ့ နံနက်ကစပြီး နှစ်ဖက်တပ်တွေအကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
ယနေ့ ဇူလိူင်လ ၂၆ ရက်နေ့တွင်လည်း တတိယမြောက်နေ့အဖြစ် တိုက်ပွားများဖြစ်ပွားနေပြီး
ထူးခြားချက်များကို ထိုင်းသတင်းဌာနများမှ ကောက်နုတ်ဖော်ပြလိုက်သည်။
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား ဖြစ်ပွားနေသော နယ်စပ်တိုက်ပွဲများအတွင်း ချက်ချင်းအပစ်အခတ်ရပ်စဲရေးအတွက် ကမ္ဘောဒီးယားဘက်က တောင်းဆိုထားသည်။
- ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ ပဋိပက္ခကြောင့် ထိုင်းဘက်မှ အနည်းဆုံးလူ ၁၅ ဦး သေဆုံးခဲ့သည်။ ဇူလိုင်လ ၂၄ ရက်နေ့မှစသည့် တိုက်ပွဲများကြောင့် ယနေ့ထိ ထိုင်းစစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။
- ကမ္ဘောဒီးယားနယ်စပ် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ Ubon Ratchathani, Sisaket, Surin, နှင့် Buriram ပြည်နယ်များမှ ဒေသခံ ၁၃၈,ဝဝဝ ကျော်ကို တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားသည်။
- ထိုင်းစစ်သားများက ပိုင်းဆိုင်မှုအငြင်းပွားနေသည့် ဖူမာခူအာ(Phu Makuea)တောင်ကုန်းကို ယနေ့ ဇူလိူင်လ ၂၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
- တောင်ကုန်းသိမ်းပိုက်မှုတွင် ကမ္ဘောဒီးယားစစ်သား ၁ဝ ဦး သေဆုံးခဲ့ပြီး သေနတ်များနှင့် ဒရုန်းများ အပါအဝင် လက်နက်ပစ္စည်း ၁၂ ခု သိမ်းဆည်းရမိကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်ထားသည်။
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား ဖြစ်ပွားနေသော တိုက်ပွဲကြောင့် သေဆုံးသော ပြည်သူများကို တစ်ဦးလျှင် ဘတ် ၁ သန်းစီ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်ကပြောကြားသည်။
- လက်နက်ကြီးကြောင့် မသန်စွမ်းဖြစ်သူများကို ဘတ် ၇ သိန်း၊ ဒဏ်ရာအပြင်းအထန် ရရှိသူများကို ဘတ် ၂ သိန်း၊ ဒဏ်ရာရရှိသူများကို ဘတ် ၁ သိန်း ထပ်မံထောက်ပံ့ပေးမည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင်ရေးသားသည်။
- PTT ဓာတ်ဆီဆိုင်အား ကမ္ဘောဒီးယားက ရော့ကက်ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦး သေဆုံးပြီးနောက် Sisaket ပြည်နယ်ရှိ ဆေးရုံများသည် လူနာများကို စတင်ပြောင်းရွှေ့နေသည်။
- ထိုင်းဘက်က စစ်ဘေးရှောင်စခန်းများကို စိတ်ကျန်းမာရေးအဖွဲ့များနှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို စေလွှတ်ထားသည်။
- ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးက ပစ်ခတ်မှု စတင်ခြင်းကို အပြန်အလှန် စွပ်စွဲနေကြပြီး အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် သံတမန်ရေးရာ ဆွေးနွေးမှုများပြုလုပ်ရန် လိုလားနေကြသည်။