နယ်စပ်တိုက်ပွဲများကြောင့် ကမ္ဘောဒီးယားနိုင်ငံသား ၂ သိန်းကျော် ထိုင်းကထွက်ခွာ

ဇူလိူင် ၂၈ ၊ Migrant Times

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ပဋိပက္ခများ တင်းမာနေသည့်အတွက် ဇူလိုင် ၂၄ ရက်မှ ၂၇ ရက်အတွင်း ကမ္ဘောဒီးယားနိုင်ငံသား ၂ဝဝ,ဝဝဝကျော် ပြန်လည်ဝင်ရောက်ခဲ့သည်ဟု ကမ္ဘောဒီးယားအလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြောင်း CamNess သတင်းက ဖော်ပြသည်။

ဇူလိုင် ၂၃ ရက်နေ့ တစ်ရက်တည်းတွင် ထိုင်း ဘတ်တမ်ဘန်ပြည်နယ်ရှိ နယ်စပ်ဂိတ်မှ အလုပ်သမား ၅၄,ဝဝဝ ကျော် ကမ္ဘောဒီးယားသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဇူလိုင် ၂၆ ရက်တွင် ၆၅,ဝဝဝ နီးပါးနှင့်ဇူလိုင် ၂၇ ရက်တွင် စုစုပေါင်း အလုပ်သမား ၁၂ဝ,၄၃၈ ဦး သည် အဆိုပါဂိတ်မှတစ်ဆင့် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကမ္ဘောဒီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး မာလီဆိုချီတာက နောက်ထပ် ၁၅ဝ,ဝဝဝ ကျော် ပြန်လာမည်ဟု အာဏာပိုင်များက မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသား ၄ဝဝ,ဝဝဝ ခန့်သည် ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံမှ ထွက်ပြေးပြီး နေရပ်သို့ ပြန်လာကြမည်ဟု မာလီဆိုချီတာက ခန့်မှန်းသည်။

ထိုင်းနိုင်ငံတွင် နေထိုင်သည့် ကမ္ဘောဒီးယားအလုပ်သမားများကို နှောင့်ယှက်ခြင်းနှင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည့် အမျိုးသားရေးအဖွဲ့များကို ထိုင်းအာဏာပိုင်များက အရေးတကြီး ဥပဒေအရ အရေးယူဆောင်ရွက်ရန် မာလီဆိုချီတာက တောင်းဆိုခဲ့သည်။

“ထိုင်းနိုင်ငံမှာရှိတဲ့ ကျွန်မတို့ပြည်သူတွေရဲ့ သတင်းပို့ချက်တွေအရ ထိုင်းအစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို တွေ့ရပါတယ်။ ဒီလုပ်ရပ်တွေဟာ တရားမဝင်ဘူး၊ လူမဆန်ဘူး၊ ဆင်ခြေပေးလို့မရပါဘူး။ ကမ္ဘောဒီးယားက ထိုင်းအရာရှိတွေကို ချက်ချင်းအရေးယူဖို့ တိုက်တွန်းပါတယ်။ ကျူးလွန်သူတွေကို ဖော်ထုတ်ပါ၊ ဖမ်းဆီးပါ၊ ထိုင်းဥပဒေအရ အရေးယူပါ” ဟု ဆိုချီတာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ဇူလိုင် ၂၄ ရက်တွင် စတင်ခဲ့သည့် အကြမ်းဖက်မှုများကြောင့် ထိခိုက်ဒဏ်ရာရမှုများ၊ နေရပ်စွန့်ခွာရမှုများ ဖြစ်ပွားခဲ့ပြီး သံတမန်ဆက်ဆံရေးကို ပိုမိုတင်းမာစေခဲ့သည်။
ကမ္ဘောဒီးယား အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေးဝန်ကြီးဌာနသည် ပြန်လည်ဝင်ရောက်လာသူများအား အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များနှင့် အမျိုးသားလူမှုဖူလုံရေးရန်ပုံငွေအဖွဲ့ (NSSF) အကျိုးခံစားခွင့်များ ပေးအပ်ခဲ့ကြောင်း ကမ္ဘောဒီးယားသတင်းကဖော်ပြသည်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ဇူလိုင် ၂၄ ရက်တွင် စတင်ခဲ့သည့် တိုက်ပွဲများရပ်တန့်ရန်အတွက် ယနေ့ ဇူလိူင်လ ၂၈ ရက်နေ့တွင် ထိုင်းယာယီဝန်ကြီးချုပ် ဖူထမ် ဝက်ချယာချိုင်းနှင့်ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့ မလေးရှားနိုင်ငံတွင် တွေ့ဆုံမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများမှသိရသည်။

Photo – CamNess/Nation

ဇူလိူင်လ ၂၆၊၂၇ ရက်များတွင် ထိုင်းနယ်စပ်မှတစ်ဆင့် ပြန်နေကြသည့် ကမ္ဘောဒီးယား အလုပ်သမားများ။

Similar Posts