ကမ္ဘောဒီးယားက အပစ်အခတ်ရပ်စဲရေးချိုးဖောက်ပြီး တိုက်ခိုက်ခဲ့ကြောင်း ထိုင်းပြော

ဇူလိူင် ၂၉ ၊ Migrant Times
ကမ္ဘောဒီးယားစစ်တပ်သည် ယနေ့(ဇူလိုင်၂၉ ရက်)နံနက်ကစပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုချိုးဖောက်ကာ ပစ်ခတ်ခဲ့ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက စစ်ရေးအခြေအနေရှင်းလင်းပွဲတွင်ပြောကြားသည်။
ကမ္ဘောဒီးယားက ယနေ့နံနက်မှစ၍ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ခြင်းနှင့် ပတ်သက်၍ သက်သေအထောက်အထားများကို မလေးရှား၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ထံ တင်ပြမည်ဖြစ်ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျီရာရု ကပြောသည်။
ထိုင်းယာယီဝန်ကြီးချုပ် ဖူထမ် ဝက်ချယာချိုင်းနှင့်ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့သည် ယမန်နေ့ (ဇူလိုင် ၂၈) တွင် နယ်စပ်ဒေသ၌ ဇူလိုင် ၂၄ ရက်တွင် စတင်ခဲ့သည့် တိုက်ပွဲများရပ်တန့်ရန်အတွက် မလေးရှားနိုင်ငံတွင် တွေ့ဆုံခဲ့ကြသည်။
သံတမန်ရေးရာ ဆွေးနွေးမှုပြုလုပ်ပြီးနောက် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် နှင့်ပူးတွဲကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် ယမန်နေ့ (ဇူလိုင် ၂၈)ညသန်းခေါင်ယံမှစကာ အပစ်ရပ်မည်ဖြစ်ကြောင်း ထိုင်း-ကမ္ဘောဒီးယား ခေါင်းဆောင်များက ပြောကြားခဲ့သည်။
သို့သော်လည်း ယမန်နေ့ (ဇူလိုင် ၂၈)ညသန်းခေါင်ယံအချိန်ထိ နှစ်ဖက်တပ်များအကြား ပစ်ခတ်ခဲ့ကြပြီး ယနေ့နံနက်တွင်လည်း ကမ္ဘောဒီးယားဘက်မှ ပစ်ခတ်ခဲ့ကြောင်း ထိုင်းဘက်ကဆိုသည်။
ထိုင်းတော်ဝင်တပ်မတော်ကလည်း ကမ္ဘောဒီးယားတပ်ဖွဲ့များသည် ထိုင်းနိုင်ငံ နယ်မြေအတွင်းရှိ နေရာအများအပြားကို ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း ယနေ့နံနက်တွင်ထုတ်ပြန်သည်။
ထိုင်းတော်ဝင်တပ်မတော်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Vithai Laithomya က
“ကမ္ဘောဒီးယားဟာ သဘောတူညီချက်ကို ဆက်တိုက်ချိုးဖောက်နေတယ်။ ကမ္ဘောဒီးယားဟာ အခုဆိုရင် ဒေသတွင်းရော ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက်ပါ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပြီ” ဟု ထုတ်ပြန်ချက်တွင်ပြောကြားသည်။
ထိုင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိူင်လ ၂၉ ရက်နံနက်ထုတ်ပြန်ချက်အရ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် တိုက်ပွဲများကြောင့် အရပ်သား သေဆုံးသူ ၁၅ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရသူ ဒါဇင်နှင့်ချီရှိသည်။
ထိုင်းတော်ဝင်ကြည်းတပ်၏ စာရင်းအရ ဇူလိူင်လ ၂၉ ရက်နံနက်ထိ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲများအတွင်း ထိုင်းစစ်တပ်ဘက်က သေဆုံးသူ စုစုပေါင်း ၁၄ ဦး ရှိသည်။
ကမ္ဘောဒီးယားနယ်စပ် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ Ubon Ratchathani, Sisaket, Surin, နှင့် Buriram ပြည်နယ်များမှ ဒေသခံ ၂ဝဝ,ဝဝဝ ခန့်ကို တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရသည်။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ပဋိပက္ခများ တင်းမာနေသည့်အတွက် ဇူလိုင် ၂၄ ရက်မှ ၂၇ ရက်အတွင်း ကမ္ဘောဒီးယားနိုင်ငံသား ၂ဝဝ,ဝဝဝကျော် ပြန်လည်ဝင်ရောက်ခဲ့သည်ဟု ကမ္ဘောဒီးယားအလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Photo – ထိုင်းယာယီဝန်ကြီးချုပ်၊ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့်မလေးရှားဝန်ကြီးချုပ်တို့အား ဇူလိူင် ၂၈ ရက်က ပူးတွဲကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်တွေ့ရစဉ်။