ဇူလိူင် ၃ဝ ၊ Migrant Times
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊မဲဆောက်မြို့တွင်ထိုင်း-မြန်မာ ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲကိုဩဂုတ်လ ၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စီစဉ်သူများကပြောသည်။
ယဉ်ကျေးမှုဖလှယ်ပွဲကို မဲဆောက်မြို့ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)နှင့် ထိုင်းအစိုးရယဉ်ကျေးမှုဌာနတို့က ပူးပေါင်းကျင်းပမည်ဖြစ်သည်။
“ထိုင်းရိုးရာအကတွေအပြင် နယ်စပ်ဒေသ လူမျိုးစုတစ်ခုဖြစ်တဲ့ မုံးလူမျိုးတွေလဲပါဝင်မယ်။ မဲဆောက်ရောက် ရွှေ့ပြောင်းမြန်မာတွေလည်း ရိုးရာအဝတ်အစားတွေနဲ့အတူ လာရောက်ပါဝင်နိုင်ပါတယ်”ဟုယဉ်ကျေးမှုဖလှယ်ပွဲစီစဉ်သူ မဲဆောက် FED ရုံးတာဝန်ခံ နော်ရို့စ်မေရီစဲ ကပြောသည်။
ဘုရင့်မယ်တော်မွေးလကို ဂုဏ်ပြုသည့် အနေဖြင့်ကျင်းပခြင်းဖြစ်ပြီး ထိုင်းနှင့် မြန်မာနိုင်ငံသားများ အကြား ယဉ်ကျေးမှုကိုအခြေခံကာ လူမှုသဟဇာတ အခြေအနေများ တိုးတက်စေရန် ရည်ရွယ်ကြောင်း သူမကဆက်ပြောသည်။
ယဉ်ကျေးမှုဖလှယ်ပွဲကို သြဂုတ်လ ၂ ရက်နေ့တွင် မဲဆောက်မြို့၊ ကညနလိုင်စင်ရုံးလမ်း (ပါရမီရွှေ့ပြောင်းသင်ကြားရေးစင်တာမျက်စောင်းထိုး)ရှိ မဲဆောက်နည်းပညာကောလိပ်၌ နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီအထိ ကျင်းပမည်ဖြစ်သည်။
ယဉ်ကျေးမှုပွဲတော်ကို ကဏ္ဍ ၃ ခုဖြင့် ပြုလုပ်မည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှုဖျော်ဖြေရေးအစီအစဉ်များ၊ လူမျိုးစုအကြောင်း စကားဝိုင်းဆွေးနွေးပွဲများ၊ရိုးရာယဉ်ကျေးမှုပြခန်းများနှင့် ဈေးဆိုင်များလည်း ပါဝင်မည်ဖြစ်ကြောင်း FEDမှသိရသည်။
ထို့ပြင် မဲဆောက်ရှိ မြန်မာရွှေ့ပြောင်းစာသင်ကျောင်းများဖြစ်သည့် စီဒီစီ၊ ဆာသူးလေနှင့် စီဒီတီစီ (ဟွေ့ခလုတ်)၊ Love&Care ကျောင်းများလည်း ပါဝင်တက်ရောက်မည်ဖြစ်ပြီး နယ်စပ်ရောက် အနုပညာသမားများဖြင့် ဖွဲ့စည်းထားသည့် ပီတိအိမ် (Joy House – FED) ၏အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။