Site icon Migrant Times

ချင်းမိုင်မြို့တွင် မြန်မာများပါဝင်သည့် တရုတ်ငွေလိမ်ဂိုဏ်းကိုဖမ်းမိ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ဘတ်သန်း ၄ဝ တန် အိမ်ကြီးတစ်အိမ်တွင် နိုင်ငံဖြတ်ကျော် ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသည့် ဂိုဏ်းကို ယနေ့ ဇူလိူင်လ ၃ဝ ရက်နေ့တွင်ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။

ချင်းမိုင်မြို့ မယ်ရင်းမြို့နယ်ခွဲ ဟွေ့ဆိုင်းရှိ အိမ်ကြီးတစ်အိမ်တွင် တရုတ်နိုင်ငံသား ၁၂ ဦးနှင့် မြန်မာနိုင်ငံသား ၆ ဦးပါသည့် ငွေလိမ်ဂိုဏ်းကို တရားရုံး၏ ရှာဖွေ ဖမ်းဝရမ်းဖြင့် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းအရသိရသည်။

ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန်တွင် တရားခံအားလုံး ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြပြီး အချို့မှာ ၈ မီတာ (၂၆ ပေ) ကျော်မြင့်သည့် အိမ်၏ ဒုတိယထပ်မှ ခုန်ချခဲ့ရာ ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ခြေထောက်ကျိုးသွားခဲ့ကြောင်းသိရသည်။

ရှာဖွေမှုများအရ ကွန်ပျူတာ ၂ဝ ကျော်၊ မိုဘိုင်းဖုန်း ၁ဝဝ ကျော်နှင့် တရုတ်နိုင်ငံထုတ် ဆင်းမ်ကတ်များကို တွေ့ရှိရပြီး တရုတ်နိုင်ငံသား ၁ဝ ဦးကျော်နှင့် ဆက်သွယ်ရန် အသုံးပြုခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

၎င်းတို့သည် အွန်လိုင်းစာမျက်နှာများနှင့် အက်ပလီကေးရှင်းများမှတစ်ဆင့် အမျိုးမျိုးသော နည်းလမ်းများဖြင့် တရုတ်နိုင်ငံသားများကို လိမ်လည်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ရဲမှူးချုပ် သဝပ်ချိုင်းက တရားခံအားလုံးသည် တရုတ်နိုင်ငံသားများဖြစ်ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိကာ ယခုအိမ်ကို ၃ လခန့် ငှားရမ်းနေထိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားသည်။

‌ငွေလိမ်ဂိုဏ်းသည် ၎င်းအိမ်တွင် ၂၄ နာရီလုံး အလုပ်လုပ်ကြပြီး အဖွဲ့ဝင်များသည် တစ်ဦးလျှင် ယွမ် ၁ဝ,ဝဝဝ မှ ၂ဝ,ဝဝဝ (ဘတ် ၅ဝ,ဝဝဝ မှ ၁ဝဝ,ဝဝဝ ခန့်) ကို လစာအဖြစ် ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

၎င်းငွေလိမ်ဂိုဏ်းသည် အွန်လိုင်းထုတ်ကုန်များ လိမ်လည်ရောင်းချခြင်း၊ လေကြောင်းလိုင်းပြဿနာများ၊ ဘဏ်ပြဿနာများ ဖြေရှင်းရန်အတွက် ငွေလွှဲခိုင်းခြင်းနှင့် ငွေလိမ်ဂိုဏ်းများကဲ့သို့ ခြိမ်းခြောက်ငွေတောင်းခြင်း အပါအဝင် အမျိုးမျိုးသော ပုံစံများဖြင့် တရုတ်နိုင်ငံသားများကို လိမ်လည်ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့သည် ဖမ်းဆီးထားသူများကို နိုင်ငံဖြတ်ကျော် ဆိုက်ဘာရာဇဝတ်ဂိုဏ်းကြီးနှင့် ဆက်စပ်မှုရှိနိုင်သည်သည့် အတွက် စစ်ဆေးနေကြောင်း ထိုင်းသတင်းကဖော်ပြသည်။

Photo – MGR

News – Migrant Times

Exit mobile version