ကန်ချနဘူရီတွင် တရားမဝင် ဝင်ရောက်သည့် မြန်မာ ၃၃ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီခရိုင်တွင် မြန်မာနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၃ ဦးအား ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ကန်ချနဘူရီသတင်းဌာနတွင်ဖော်ပြသည်။

ပြီးခဲ့သည့် ဇူလိူင်လ ၂၉ ရက်နေ့တွင် ကန်ချနဘူရီ၊ထောင်းဖဖုမ်းမြို့နယ်၊ ဘန့်အူလောင်းရှိ နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်၏ ဘေးတွင် ရပ်နားထားသည့် ကားတစ်စီးကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့များက စစ်ဆေးခဲ့ပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းအရသိရသည်။

ထိုကားပေါ်တွင် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၃ ဦးကို တွေ့ရှိခဲ့ပြီး ဆမွတ်စာခွန်ခရိုင်နှင့် မလေးရှားနယ်စပ်သို့ ဆက်လက်ပို့ဆောင်ရန် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ကပြောကြားသည်။

မြန်မာနိုင်ငံသား ၃၃ ဦးကို ဥပဒေအရ အရေးယူရန် ထောင်းဖဖုမ်းသို့ပို့ဆောင်ခဲ့ကြောင်း သတင်းကဖော်ပြသည်။

ဇူလိုင်လ ၂၉ ရက်နေ့ တစ်ရက်ထဲတွင် ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်အတွင်းရှိ အာရှအဝေးပြေးလမ်းမပေါ်တွင် ကုန်တင်ကား‌ပေါ်၌ ကြပ်ညပ်စွာလိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃ဝ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများကဖော်ပြသည်။

Migrant Times ၏သတင်းစုစည်းမှုအရ ပြီးခဲ့သည့် ဇူလိူင် ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖော့ဖရာတွင် မြန်မာနိုင်ငံသား ၁၆ ဦး အား တရားမဝင်ဝင်ရောက်မှုဖြင့် ရာဇမနူအထူးတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။

ထို့ပြင် ဇူလိုင်လ ၂၀ ရက်နေ့တွင်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာပြည်နယ်၊ အဝေးပြေးလမ်းပေါ်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၂ ဦးကိုဖမ်းဆီးခဲ့ကြောင်း ထိုင်းရတ်သတင်းတစ်ပုဒ်တွင်ဖော်ပြသည်။

အလားတူ ဇူလိုင် ၁၇ ရက်ညတွင်လည်း ကန်ချနဘူရီခရိုင် ၊ ထောင်းဖာဖုမ်ဒေသရှိ ရာဘာတောအတွင်း ကားပေါ်တွင် ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသား ၄၈ ဦးကို တရားမဝင်ဝင်ရောက်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။

ဇူလိုင်လ ၁၃ ရက်နေ့ ကလည်း အယုဒ္ဓယမြို့နယ်ရှိ အဝေးပြေးလမ်းမတစ်နေရာတွင် ကားတစ်စီးပေါ်၌ ပြွတ်သိပ်ကာ လိုက်ပါလာသော တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၁ ဦးအား အဝေးပြေးရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။

ထိုင်းနိုင်ငံတွင် ဇွန်လအတွင်း၌ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၃၇ဝ ဦးထက် မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။

Photo – สำนักข่าวกาญจน์

Similar Posts