ဇူလိူင် ၃၁ ၊ Migrant Times
ထိုင်းနိုင်ငံ၊ ချန်ထပူရီပြည်နယ်၊ ဘန်လမ်နယ်စပ်ဂိတ်မှ ကမ္ဘောဒီးယားအလုပ်သမားများ ထိုင်းနိုင်ငံမှဆက်လက်ထွက်ခွာနေကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
ကမ္ဘောဒီးယားအလုပ်သမား ၁၅ဝဝ ကျော်သည် ယနေ့ ဇူလိူင်လ ၃၁ ရက်တွင် နံနက်ပိုင်းတွင် ဘန်လမ်နယ်စပ်ဂိတ်မှထွက်ခွာနေကြကြောင်း ထိုင်းနယ်စပ်ဂိတ်တာဝန်ရှိသူများက ထိုင်းသတင်းထောက်များကိုပြောသည်။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ဇူလိုင်လ ၂၄ ရက်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်နေ့ကစပြီး ကမ္ဘောဒီးယားအလုပ်သမားများ ထိုင်းနိုင်ငံမှစတင်ထွက်ခွာနေခြင်းဖြစ်သည်။
ဇူလိုင် ၂၄ ရက်မှ ၂၇ ရက်အတွင်း ကမ္ဘောဒီးယားနိုင်ငံသား ၂ဝဝ,ဝဝဝကျော် ပြန်လည်ဝင်ရောက်ခဲ့သည်ဟု ကမ္ဘောဒီးယားအလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြောင်း CamNess သတင်းက ဖော်ပြခဲ့သည်။
ကမ္ဘောဒီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး မာလီဆိုချီတာက နောက်ထပ် ၁၅ဝ,ဝဝဝ ကျော် ပြန်လာမည်ဟု အာဏာပိုင်များက မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသား ၄ဝဝ,ဝဝဝ ခန့်သည် ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံမှ ထွက်ပြေးပြီး နေရပ်သို့ ပြန်လာကြမည်ဟု မာလီဆိုချီတာက ခန့်မှန်းသည်။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ဇူလိုင်လ ၂၄ ရက်ကစတင်ခဲ့သည့် တိုက်ပွဲများရပ်တန့်ရန်အတွက် ထိုင်းယာယီဝန်ကြီးချုပ် ဖူထမ်ဝက်ချယာချိုင်းနှင့်ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့သည် ဇူလိုင် လ ၂၈ ရက်တွင် မလေးရှားနိုင်ငံ၌ တွေ့ဆုံခဲ့ကြသည်။
သံတမန်ရေးရာ ဆွေးနွေးမှုပြုလုပ်ပြီးနောက် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် နှင့်ပူးတွဲကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် ဇူလိုင်လ ၂၈ ရက်ညသန်းခေါင်ယံမှစကာ အပစ်ရပ်မည်ဖြစ်ကြောင်း ထိုင်း-ကမ္ဘောဒီးယား ခေါင်းဆောင်များက ပြောကြားခဲ့သည်။
သို့သော်လည်း ဇူလိူင်လ ၂၉ ရက်နေ့ နံနက်အထိ နယ်စပ်တွင်ပစ်ခတ်မှုများဆက်ဖြစ်ခဲ့သည်။ ထိုင်း-ကမ္ဘောဒီးယား ခေါင်းဆောင်များ၏ အပစ်ရပ်ဆဲရေးသဘောတူညီချက်သည် ယနေ့အထိ အပြုသဘောဆောင်နေပြီး ထိုင်းတပ်ဖွဲ့များအား သတိထားနေထိုင်ဖို့ ယာယီကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီးနတာဖွန်က ပြောကြားထားကြောင်း ထိုင်းအင်ကွာရီရာသတင်းကဖော်ပြသည်။
ထိုင်းနိုင်ငံသည် နယ်စပ်ဒေသတည်ငြိမ်ကြောင်းပြသရန်အတွက် နံနက်ဖြန် ဩဂုတ်လ ၁ ရက်နေ့တွင်နိုင်ငံပေါင်း ၁၅ နိုင်ငံကျော်မှ စစ်သံတမန်များကို ထိုင်း- ကမ္ဘောဒီးယားနယ်စပ်သို့ပို့ဆောင်ရန်စီစဉ်ထားကြောင်း ထိုင်းသတင်းတွင်ရေးသားသည်။
Ref- MGR/thai enquirer
Photo – MGR