ခမာလုပ်သားများနေရာတွင် မြန်မာလုပ်သားများ အစားထိုးရန် ထိုင်းပြင်ဆင်

ဩဂုတ် ၁ ၊ Migrant Times
ထိုင်းနိုင်ငံတွင် ခမာ(ကမ္ဘောဒီးယား )အလုပ်သမားများနေရာတွင် မြန်မာအလုပ်သမားများအား အစားထိုးခန့်ရန် စက်ရုံအချို့က ပြင်ဆင်နေကြသည်။
ထိုင်းနိုင်ငံ ၊ ဆမွတ်ဆာခွန်ရှိ အလုပ်သမားရေးရာအရာရှိများသည် ယမန်နေ့ ဇူလိူင်လ ၃၁ ရက်နေ့တွင် စက်မှုဇုန် အလုပ်ရှင်များနှင့်တွေ့ဆုံခဲ့ပြီး ကမ္ဘောဒီးယား သို့ပြန်သွားကြသည့် အလုပ်သမားများနေရာတွင် မြန်မာလုပ်သားများ အစားထိုးခန့်ရန် ဆွေးနွေးခဲ့ကြကြောင်း ထိုင်း naewnaသတင်းတွင်ဖော်ပြသည်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသော မငြိမ်မသက်မှုများကြောင့် အလုပ်သမားဝန်ကြီးဌာနသည် ဆမွတ်ဆာခွန်မြို့နယ်၊ တာဆိုင်းရပ်ကွက်ရှိ စက်မှုဇုန်တွင် အလုပ်လုပ်နေသော ကမ္ဘောဒီးယားနိုင်ငံသားများ၏ အလုပ်ရှင်များနှင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
အလုပ်ရှင်များက ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမားအချို့သည် ၎င်းတို့၏ နိုင်ငံသို့ ပြန်သွားကြပြီးကျန်ရှိသူအချို့မှာ အလုပ်ဆက်လုပ်ရန်နှင့် ပြန်ရန် ဆုံးဖြတ်နေကြသည့်အတွက် အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း ဆွေနွေးပွဲတွင်ပြောကြားသည်။
အလုပ်ရှင်များက လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်စေရန် လစ်လပ်သွားသည့် ကမ္ဘောဒီးယားလုပ်သားများနေရာတွင် အစားထိုးရန် မြန်မာနိုင်ငံသား အလုပ်သမားများကို ခေါ်ယူရန် ကြော်ငြာထားပြီးဖြစ်ကြောင်းပြောကြားခဲ့သည်ဟု ထိုင်းသတင်းကဖော်ပြသည်။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ဇူလိုင်လ ၂၄ ရက်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်နေ့မှစပြီး ယနေ့ဩဂုတ်လ ၁ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချန်ထပူရီပြည်နယ်၊ ဘန်လမ်နယ်စပ်ဂိတ်မှ ကမ္ဘောဒီးယားအလုပ်သမားများ ဆက်လက်ထွက်ခွာနေကြသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ၂ဝ၂၅ ခုနှစ်၊ မေလ ထုတ်ပြန်ချက်တွေအရ ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် ကမ္ဘောဒီးယားလုပ်သားအရေအတွက် ၅ဝဝ,ဝဝဝ ဝန်းကျင်ရှိသည်။
ဇူလိုင် ၂၄ ရက်မှ ၂၇ ရက်အတွင်း ကမ္ဘောဒီးယားနိုင်ငံသား ၂ဝဝ,ဝဝဝကျော် ပြန်လည်ဝင်ရောက်ခဲ့သည်ဟု ကမ္ဘောဒီးယားအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ကမ္ဘောဒီးယားနိုင်ငံသား ၄ဝဝ,ဝဝဝ ခန့်သည် ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံမှ ထွက်ပြေးပြီး နေရပ်သို့ ပြန်လာကြမည်ဟု ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး မာလီဆိုချီတာကလည်း မီဒီယာများကိုပြောကြားခဲ့သည်။
စာရင်းများအရ ဘန်ကောက်မြို့နှင့် စမွတ်ပရာကန် ၊ စမွတ်ဆာခွန် ၊ ချွန်ဘူရီ ၊ရာယောင် စသည့် မြို့နယ်များရှိ စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းများတွင်ကမ္ဘောဒီးယားလုပ်သားများ အများဆုံးလုပ်ကိုင်နေကြပြီး ထိုနေရာများတွင် မြန်မာရွှေ့ပြောင်းလုပ်သားသိန်းနှင့်ချီလည်းလုပ်ကိုင်နေကြသည်။
ကမ္ဘောဒီးယားအလုပ်သမားများနေရာတွင် မြန်မာအလုပ်သမားများအား အစားထိုးခန့်ရန် စက်ရုံအချို့က ပြင်ဆင်နေကြသော်လည်း နိုင်ငံရေးအခြေအနေအရ မြန်မာအလုပ်သမားများအား အာဏာပိုင်များကစစ်ဆေးမှုများပိုမိုပြုလုပ်လာနိုင်သည့်အတွက် စာရွက်စာတမ်းအထောက်အထားများ ကြိုတင်စစ်ဆေးကာ ပြင်ဆင်ထားသင့်ကြောင်း မြန်မာအလုပ်သမားအရေး ကူညီသူတစ်ဦးက Migrant Times ကိုပြောသည်။
Photo – mgronline
ထိုင်းနိုင်ငံ၊ ချန်ထပူရီပြည်နယ်၊ ဘန်လမ်နယ်စပ်ဂိတ်မှ ဩဂုတ်လ ၁ ရက် နံနက်နေ့တွင် ထွက်ခွာရန်စောင့်ဆိုင်းနေကြသည့် ကမ္ဘောဒီးယားအလုပ်သမားများ။