ထိုင်း အရပ်သား ၈ ဦးသေဆုံးခဲ့သည့် နယ်စပ်ဒေသကို သံတမန်များလေ့လာ

ဩဂုတ် ၁ ၊ Migrant Times ။
ထိုင်းနိုင်ငံတွင် ကမ္ဘောဒီးယားတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ထိုင်းအရပ်သား ၈ ဦးသေဆုံးခဲ့သည့် နယ်စပ်ဒေသရှိနေရာကို သံအမတ်များ၊ စစ်သံမှူးများ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများက ယနေ့ (ဩဂုတ်လ ၁ ရက်) တွင် သွားရောက်လေ့လာခဲ့ကြသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့တွင် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ထိုင်း၊စီစကစ်ခရိုင်၊ ကန်ထရလတ်မြို့နယ်၊ နောင်ယလတ်ရပ်ကွက်၊ ဘန့်ဖိုရွာရှိ PTT ဓာတ်ဆီဆိုင်နှင့် 7/11 ဆိုင်တို့ ထိခိုက်ပျက်စီးခဲ့ရာ အရပ်သား ၈ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူများထဲတွင် သားအမိနှစ်ဦး (အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ၎င်း၏မိခင်) ပါဝင်ခဲ့သည်။ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ဇူလိုင်လ ၂၄ ရက်မှစကာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ထိုင်းယာယီဝန်ကြီးချုပ် ဖူထမ်ဝက်ချယာချိုင်းနှင့်ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့သည် ဇူလိုင် လ ၂၈ ရက်တွင် မလေးရှားနိုင်ငံ၌ တွေ့ဆုံခဲ့ကြပြီး ပစ်ခတ်ရပ်စဲရေးသဘောတူညီခဲ့ကြသည်။
ထို့နောက် ဇူလိူင်လ ၂၉ ရက်နေ့ နံနက်ထိ ပစ်ခတ်မှုများဆက်ဖြစ်ပြီးနောက်တွင် တိုက်ပွဲများရပ်ဆိုင်းခဲ့သည်။
ထိုင်း-ကမ္ဘောဒီးယား ခေါင်းဆောင်များ၏ အပစ်ရပ်ဆဲရေးသဘောတူညီချက်သည် ယနေ့အထိ အပြုသဘောဆောင်နေပြီး ထိုင်းတပ်ဖွဲ့များအား သတိထားနေထိုင်ကြရန် ယာယီကာကွယ်ရေး ဝန်ကြီးဗိုလ်ချုပ်ကြီးနတာဖွန်က ပြောကြားထားကြောင်း ထိုင်းသတင်းများကဖော်ပြသည်။
ယနေ့တွင် ထိုင်းဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အနုဖပ် ဆရီမွန်ဒေါလ်၊ ထိုင်းတော်ဝင်လေတပ် အရပ်ဘက်ရေးရာဌာန ညွှန်ကြားရေးမှူး လေတပ်ဦးစီးချုပ် နာရတ် ဘွန်ပရာစိစ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး ရတ် ချာလီချန်တို့သည် သံအမတ်များနှင့် သံရုံးယာယီတာဝန်ခံ ၁၁ ဦး၊ နိုင်ငံ ၂၃ နိုင်ငံမှ စစ်သံမှူး ၂၈ ဦးနှင့် ပြည်တွင်းပြည်ပ မီဒီယာများအား နယ်စပ်ဒေသသို့ခေါ်ဆောင်ကာပြသခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။
ထိုင်း-ကမ္ဘောဒီးယားသတင်းများအရ ၅ ရက်ကြာခဲ့သည့် နယ်စပ်တိုက်ပွဲများကြောင့် နှစ်ဖက်စလုံးတွင်တပ်သားနှင့်အရပ်သား အနည်းဆုံး ၃၃ ဦးသေဆုံးခဲ့သည်။
Photo – เสพข่าวเชียงใหม่