Site icon Migrant Times

ဘန်ကောက်မြို့အနီး ဂိုဒေါင်တွင် ဒရုန်းများ ဒရုန်းဖျက်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများဖမ်းမိ

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့အနီး စမွတ်ပရာကန်ရှိ စင်ကာပူကုမ္ပဏီတစ်ခုပိုင် ဂိုဒေါင်အတွင်းတွင် ဒရုန်းများ ဒရုန်းဖျက်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများအား ရဲတပ်ဖွဲ့က ဩဂုတ်လ ၅ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင်ဖော်ပြသည်။

အဆိုပါဒေသတွင် လေယာဉ်ပျံသဏ္ဌာန်ယာဉ်များ၏ အချက်ပြမှုများ တွေ့ရှိခဲ့ကြောင်း အမျိုးသားအသံလွှင့်နှင့်ဆက်သွယ်ရေးကော်မရှင် (NBTC) ၏ အစီရင်ခံစာကို အကြောင်းပြု၍ စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

စမွတ်ပရာကန်ရှိ စင်ကာပူကုမ္ပဏီတစ်ခုပိုင် ဂိုဒေါင်ကို အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်နိုင်ခြင်းရှိမရှိ စုံစမ်းစစ်ဆေးရန် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ဒရုန်းပစ္စည်း ၂ဝဝ ကျော်ကို သိမ်းဆည်းခဲ့ကြောင်း သတင်းတွင်ရေးသားသည်။

စမွတ်ပရာကန်၊ ဖရိုက်ဆာတန်ဘွန်ရှိ ဂိုဒေါင်သည် စင်ကာပူနိုင်ငံမှ TRD Systems Pte Ltd. ကုမ္ပဏီပိုင်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယနေ့ ပြောကြားသည်။

ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ခရစ်ဆာနန်ဟုသာ အမည်ဖော်ပြထားသည့် အမျိုးသားတစ်ဦးသည် ဩဂုတ်လ ၅ ရက်တွင် ရဲနှင့် NBTC အရာရှိများ ရောက်ရှိလာချိန်၌ ရှိနေခဲ့ကြောင်းသတင်းကဖော်ပြသည်။

ထိုဂိုဒေါင်တွင်း၌ ဒရုန်း ၂၉ စင်း၊ အချက်ပြဖမ်းစက် ၃၈ ခု၊ အချက်ပြမှုဖျက်ဆီးသည့်သေနတ် ၁၂၉ လက်၊ အနှောင့်အယှက်ပေးသည့်ကိရိယာ ၁၆ ခု၊ အချက်ပြမှုဖမ်းယူရန်နှင့် ဖျက်ဆီးရန်အတွက် ဗန်ကားတစ်စီးနှင့် အခြားဆက်စပ်ပစ္စည်း ၅ဝ တို့ကို သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ဘန်ကောက်ပို့စ်သတင်းတွင်ဖော်ပြချက်အရ အဆိုပါကုမ္ပဏီသည် တရားဝင်မှတ်ပုံတင်ထားပြီး စင်ကာပူမှ တင်သွင်းသော အရည်အသွေးမြင့် ဒရုန်းပစ္စည်းများကို ပံ့ပိုးပေးကြောင်း ၊ ကုမ္ပဏီသည် သုံးနှစ်ကြာ လည်ပတ်ခဲ့ပြီး ၎င်း၏ထုတ်ကုန်များကို အစိုးရအဖွဲ့အစည်းများသို့သာ ရောင်းချခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနှင့် နယ်စပ်တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် အရပ်ဘက် ဒရုန်းပျံသန်းမှုများကို ထိုင်းနိုင်ငံ အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၁၅ ရက်အထိ နိုင်ငံတစ်ဝန်း ပိတ်ပင်ထားသည်။

လိုအပ်ပါက အရပ်ဘက် ဒရုန်းပျံသန်းမှုပိတ်ပင်ခြင်းကို ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း လေကြောင်းအာဏာပိုင်အဖွဲ့ကထုတ်ပြန်သည်။

Photo – Bangkok Post

Exit mobile version