ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ရာမအမြန်လမ်းလုပ်ငန်းခွင်တွင် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား မောင်နိုင်လင်းအောင်၏ လူမှုဖူလုံရေးအာမခံကြေး ဘတ်(၇၅၂,၅၉ဝ) ရရှိခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးကထုတ်ပြန်သည်။
မောင်နိုင်လင်းအောင်သည် ဘန်ကောက်မြို့၊ Italian Thai Development Co.,Ltd ၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ မြန်မာအေဂျင်စီ Trade Wind Co., Ltd မှတစ်ဆင့် MoU စနစ်ဖြင့်လာရောက်ခဲ့သည်။
၎င်းသည် ယခုနှစ် မေလ ၁၅ ရက်နေ့တွင် ဖလမ်းဆောင် (RAMA-2) အမြန်လမ်းရှိ ကွန်ကရစ်ဘလောက်တုံးများ ချိတ်ဆက်တပ်ဆင်သောလုပ်ငန်းခွင်တွင် ကရိန်းသံဘောင်ပြိုကျမှုဖြစ်စဉ်၌ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။
မောင်နိုင်လင်းအောင်၏ ထိုင်းနိုင်ငံ လူမှုဖူလုံရေးဥပဒေနှင့်အညီ ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များအား ဩဂုတ်လ ၅ ရက်နေ့တွင်ရရှိခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးကထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ကလည်း ဘန်ကောက်မြို့ ရာမ ၂ လမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မြေအောက် ၃ မီတာအနက်တွင် မိလ္လာပိုက်လိုင်းတပ်ဆင်နေစဉ် ကွန်ကရစ်နှင့် မြေသားများ ပြိုကျမှုကြောင့် မြန်မာလုပ်သားတစ်ဦး ထိခိုက်ခဲ့ပြီး ဆေးရုံပို့စဉ် သေဆုံးခဲ့သည်။
အလားတူ ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်၊ နံနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ၊ စမွတ်စခွန်၊ ဖလမ်းဆောင်လမ်းမကြီး (RAMA-2)၊ ၂၁ မိုင်ရှိ အမြန်လမ်းမိုးပျံတံတား တည်ဆောက်ရေး လုပ်ငန်းခွင်၌ ကွန်ကရစ်ဘလောက်တုံးများ ချိတ်ဆက်တပ်ဆင်စဉ် ကရိန်းသံဘောင် ပြိုကျမှု ကြောင့် မြန်မာနိုင်ငံသားအလုပ်သမား (၄) ဦး ထိခိုက်သေဆုံးခဲ့သည်။
ထိခိုက်သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားအလုပ်သမား (၄) ဦး ၏ နစ်နာကြေးငွေ တစ်ဦးလျင် ထိုင်းဘတ်ငွေ (၁) သန်းစီဖြင့် စုစုပေါင်းထိုင်းဘတ်ငွေ (၄) သန်းကို သေဆုံးသူများ၏ မိသားစုဝင်များက ၂၀၂၅ ခုနှစ်၊ မေလ ၃ဝ ရက်တွင် ရရှိခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ – ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ တွင် ဖလမ်းဆောင်လမ်းမကြီး (RAMA-2)ရှိအမြန်လမ်းမိုးပျံတံတား ပြိုကျခဲ့သည့်မြင်ကွင်း။