ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊ ဖုတ်ပရာမြို့မြို့နယ်၊ Huai Nam Nak ရွာအနီးတစ်ဝိုက်တွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာ ၁၂ ဦးကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့ကြောင်း naresuan task force ကယနေ့ နံနက်တွင်ထုတ်ပြန်သည်။
၎င်းရွာအနီးကင်းလှည့်နေစဉ် အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသည့်ကားကိုစစ်ဆေးခဲ့ပြီး ကားအတွင်းတွင် မြန်မာ ၁၂ ဦး (အမျိုးသား ၉ ဦး၊ အမျိုးသမီး ၃ ဦး) ကို တွေ့ရှိခဲ့သည်။
တပ်ဖွဲ့များက စစ်ဆေးရာတွင် ယာဉ်မောင်းက တစ်ဦးလျှင်ပို့ဆောင်လ ဘတ် ၅၀၀ ရရှိသည်ပြောကြားခဲ့ပြီး မြန်မာများသည် ရန်ကုန်မြို့မှ ထွက်ခွာလာကြခြင်းဖြစ်ကာ ခရီးစရိတ်အဖြစ် တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ ပေးခဲ့ရသည်ဟု ဝန်ခံခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
၎င်းတို့သည် ဘန်ကောက်ရှိ စက်ရုံများနှင့် ချွန်ဘူရီပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်လုပ်ရန် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
သံသယရှိသူ ယာဉ်မောင်းနှင့် မြန်မာနိုင်ငံသားအားလုံးကို ဖုတ်ဖရာရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
ယမန်နေ့ ဩဂုတ်လ ၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ၊နခွန်ဆဝမ်ခရိုင်၊ နွမ်ဂရဒုံ၊ မူ ၁၅ ၊ အွေ့အာရီဈေးအနီးရှိ လမ်းပေါ်တွင် နယ်စပ်မှ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၄ ဦးပါဝင်သည့်ကားကို ဖမ်းဆီးခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျုရို(CIB)ကထုတ်ပြန်သည်။
ဩဂုတ်လ ၄ ရက်နေ့ညကလည်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုပ်ဖရာတွင် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၅ ဦးနှင့် ခေါ်ဆောင်လာသူ ၂ ဦးကို နယ်စပ်တပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
Migrant Times ၏သတင်းစုစည်းမှုအရ ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လအတွင်း၌ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၃၇ဝ ဦးထက် မနည်းဖမ်းဆီးခြင်းခံခဲ့ရပြီး ဇူလိူင်လအတွင်းတွင် ၁၅ဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။