မြန်မာဘက်မှပိတ်ပင်မှုများကြောင့် ထိုင်းနယ်စပ်တွင် ကုန်တင်ကား ၅ဝဝ ခန့် ပိတ်မိနေ

မြန်မာနိုင်ငံ စစ်ကော်မရှင်(စစ်ကောင်စီ)ဘက်မှ တင်သွင်းခွင့်များပိတ်ပင်လာပြီးနောက်မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး မတည်မငြိမ်ဖြစ်ကာ မဲဆောက်-မြဝတီ နယ်စပ်တွင် ကုန်တင်ကား အစီး ၅ဝဝ ခန့် ပိတ်မိနေကြောင်း ထိုင်းသတင်းက ဖော်ပြသည်။
မြန်မာနိုင်ငံ စစ်ကော်မရှင်ဗဟိုအဖွဲ့ စေလွှတ်မှုဖြင့် ထိုင်းကုန်ပစ္စည်းများကို ဖမ်းဆီးခဲ့ပြီးနောက် ထိုင်းနိုင်ငံအနှံကလာသည့် ကုန်တင်ယာဉ်နှင့် တွဲကားများသည် နယ်စပ်ဂိတ်ရှေ့၌ စောင့်ဆိုင်းနေကြရကြောင်း ဖော်ပြသည်။
ယမန်နေ့ (သြဂုတ်လ ၁၃ ရက်) တွင် မဲဆောက်မြို့မှ သတင်းထောက်တစ်ဦးက ဘန်ကောက်နှင့် အခြားပြည်နယ်များမှ ကုန်ပစ္စည်းအမျိုးမျိုး သယ်ဆောင်လာသော ကုန်တင်ကား စုစုပေါင်း အစီး ၅ဝဝခန့်သည် မဲဆောက်-မြဝတီ အမှတ် ၂ နယ်စပ်ဂိတ် ရပ်နားစခန်းများနှင့် နယ်စပ်ဂိတ်တစ်လျှောက်တွင် တန်းစီရပ်ထားရကြောင်း၊ ၎င်းကုန်တင်ကားများသည် ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်သို့ ကုန်ပစ္စည်းများ သွားရောက်ပို့ဆောင်နိုင်ခြင်းမရှိသလို မူရင်းနေရာသို့ ကုန်ပစ္စည်းများ ပြန်လည်သယ်ယူနိုင်ခြင်းလည်း မရှိကြောင်း ထိုင်းသတင်းဌာနကိုပြောကြားသည်။
ထိုင်းနိုင်ငံမှ ကုန်တင်ယာဉ် အစီး ၁၂ဝ ကျော်ကို မြန်မာနိုင်ငံမှစစ်တပ်၊ ရဲနှင့် အကောက်ခွန်အရာရှိများ ပါဝင်သော ဗဟိုအဖွဲ့ဖြင့် စစ်ဆေးဖမ်းဆီးရန် စေလွှတ်ပြီးနောက်တွင် ယခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းကရေးသားသည်။
ယင်းဖမ်းဆီးမှုများတွင် နယ်စပ်ကုန်သွယ်ခွင့်လိုင်စင် မရှိခြင်းကြောင့်ဟု အကြောင်းပြခဲ့ပြီး ဘန်ကောက်နှင့် အခြားပြည်နယ်များမှ လာသော ကုန်တင်ယာဉ်များမှာ တစ်ရက်ကျော်၊ တစ်ညကျော်အထိ အခြေအနေကို စောင့်ကြည့်နေရကြောင်း ကုန်တင်ယာဉ်မောင်းများကပြောကြားသည်။
မြန်မာလုပ်ငန်းရှင်များကလည်း မြန်မာအစိုးရမှ ထုတ်ပေးသော နယ်စပ်ကုန်သွယ်ခွင့်လိုင်စင်ကို ရယူရန် မလွယ်ကူကြောင်း၊ မြန်မာအာဏာပိုင်များကို အမေရိကန်ဒေါ်လာဖြင့် ပေးဆောင်ရကြောင်း၊ လက်ရှိအချိန်တွင် ကုန်ပစ္စည်းများကိုတင်ပို့ရန် တိုင်းရင်းသားလက်နက်ကိုင်များ၏ လွှမ်းမိုးမှုနယ်မြေများတွင်သာ ဖြစ်နိုင်ကြောင်း၊ ဗဟိုအစိုးရထိန်းချုပ်ရာ နယ်မြေသို့ ရောက်ရှိပါက ဖမ်းဆီးခံရနိုင်ပြီး မြန်မာအာဏာပိုင်များသည် နယ်စပ်နှင့်ပတ်သက်သော အရာရှိအားလုံးကို ရွှေ့ပြောင်းခဲ့ကြောင်း ထိုင်းသတင်းဌာနကိုပြောကြားသည်။
ထိုင်းလုပ်ငန်းရှင်များကလည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု၊ Call Center လိမ်လည်မှုများ၊ စစ်ပွဲများနှင့် ပြည်တွင်းစစ်ကြောင့် နယ်စပ်ကုန်သွယ်ရေးသည် လက်ရှိအချိန်တွင် ရပ်တန့်လုနီးပါးဖြစ်နေပြီး ထိုင်းအစိုးရသည်လည်း နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်စေသည့် လုပ်ဆောင်မှုများကို ထပ်မံလုပ်ဆောင်နေခြင်းကြောင့် ပိုမိုဆိုးရွားစေကြောင်း ထိုင်းသတင်းဌာနကိုပြောကြားခဲ့သည်။
စစ်ကောင်မရှင်၏ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ လမ်းညွှန်ချက်အရဆိုသည့် ယာယီတင်သွင်းခွင့်မပြုသည့် ပစ္စည်းများစာရင်း စာရွက်သည် လူမှုကွန်ရက်တွင်ပျံနှံနေပြီး ယင်းစာရင်းများတွင်အခြေခံလူသုံးကုန်များဖြစ်သည့် ခေါက်ဆွဲ၊ကြာဇံ၊ချိုချဉ်၊ဘီစကစ်၊ပဲငံပြာရည်၊ကော်ဖီစေ့၊လက်ဖက်ခြောက်၊ဆေး၊ဖျာ၊အမွှေးတိုင်၊ ခြေညှပ်ဖိနပ်၊လူကြီးဒိုက်ဘာ၊သစ်သီးမျိုးစုံ၊သွားတိုက်ဆေး၊ဆပ်ပြာ၊ငှက်သိုက်၊တစ်ရှူး၊ ကြက်အူချောင်း၊မီးလုံး၊ဓါတ်ခဲ၊တာယာ၊ကျွတ်၊ပရုပ်လုံး၊ ပလပ်စတစ်ခြင်း၊ပုံး၊ခွက်များ၊ ထိုင်း SCG ဘိလက်မြေအိပ်စသည့် ပစ္စည်း ၃၅ မျိုးပါဝင်နေသည်။
ထိုင်း နယ်စပ်ကုန်သွယ်ရေးကို မြန်မာဘက်မှပိတ်ပင်လာမှုကြောင့် ထိုင်းလူသုံးကုန်ပစ္စည်းများရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း ဈေးနှစ်ဆနီးပါးမြှင့်တက်နေကြောင်း ရန်ကုန်မြို့ခံတစ်ဦးက Migrant Timesကို ပြောသည်။
Photo – မဲဆောက်-မြဝတီ အမှတ် ၂ နယ်စပ်ဂိတ်တွင် ဩဂုတ်လ ၁၃ ရက်နေ့ကတွေ့ရသည့်ကုန်တင်ကားများ။