ကမ္ဘောဒီးယားနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ပြန်ဝင်သည့် မြန်မာနိုင်ငံသား ၆ ဦးနှင့်ကမ္ဘောဒီးယားလမ်းပြတစ်ဦးအား ဩဂုတ်လ ၁၂ ရက်နေ့တွင် Aranyaprathet ခရိုင် နယ်စပ်၌ထိုင်းအာဏာပိုင်များက ဖမ်းမိခဲ့ကြောင်း ထိုင်းနေးရှင်းသတင်းတွင်ဖော်ပြသည်။
မြန်မာအလုပ်သမားများသည် ဆောက်လုပ်ရေးအလုပ်လုပ်ရန်အတွက် ကမ္ဘောဒီးယားကို သွားရောက်ခဲ့ကြသော်လည်း အလုပ်လက်မဲ့ဖြစ်နေခြင်းကြောင့် ထိုင်းမှတစ်ဆင့် မြန်မာနိုင်ငံကို ပြန်ရန် လမ်းပြကို မြန်မာငွေကျပ် ၃ သန်း ပေးခဲ့ရကြောင်း သတင်းတွင်ရေးသားသည်။
ဇူလိူင်လနောက်ဆုံးပတ်အတွင်းဖြစ်ပွားခဲ့သည့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲများကြောင့်ကမ္ဘောဒီးယားအလုပ်သမားများ နေရပ်ပြန်ခဲ့ကြသော်လည်း အများစုသည် ထိုင်းနိုင်ငံထဲကို ပြန်ဝင်ရောက်ရေး ကြိုးစားနေကြကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
ယမန်နေ့ ဩဂုတ်လ ၁၃ ရက်နေ့၊ နံနက် ၁:၂၀ အချိန်တွင် Aranyaprathet ခရိုင်အတွင်းတွင် ထိုင်းအထူးတပ်ဖွဲ့တစ်ခုက ကလေးနှစ်ဦးအပါအဝင် ကမ္ဘောဒီးယားနိုင်ငံသား ၁၀ ဦးပါအဖွဲ့ကို ဖမ်းဆီးခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသားများသည် နိုင်ငံအတွင်းနေထိုင်ရန်ဝင်ငွေမရှိဖြစ်နေကြောင်း၊ လမ်းပြတစ်ဦးကို ထိုင်းသို့ပို့ရန် တစ်ဦးလျှင် ဘတ် ၃,၅၀၀ ပေးဖို့ သဘောတူခဲ့ကြောင်း ထိုင်းအထူးတပ်ဖွဲ့ကို ပြောကြားခဲ့သည်။ ထိုင်းအာဏာပိုင်များက ကမ္ဘောဒီးယားနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်မှုများတွင် လူမှောင်ခိုကူးဂိုဏ်းများက အခွင့်ကောင်းယူနေကြသည်ဟု ယုံကြည်နေကြသည်။
မြန်မာအလုပ်သမားအချို့ကို ဖုန်းခေါ်ဆိုမှု လိမ်လည်လှည့်ဖြားသည့် စင်တာများနှင့် နယ်စပ်ရှိ ကာစီနိုများတွင် လိမ်လည်သူများအဖြစ် လုပ်ကိုင်ရန်အတင်းအကျပ် ခိုင်းစေနေသည့် အပေါ် စိုးရိမ်မှုများရှိပြီး စုံစမ်းစစ်ဆေးမှုများ တိုးချဲ့လုပ်ဆောင်နေကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
Migrant Times ၏သတင်းစုစည်းမှုအရ ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လအတွင်း၌ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၃၇ဝ ဦးထက် မနည်းဖမ်းဆီးခြင်းခံခဲ့ရပြီး ဇူလိူင်လအတွင်းတွင် ၁၅ဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။
ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ဥထိုင်းဌာနီ(Uthai Thani)ခရိုင် ၊ ခိုခီဖွိုင်မြို့နယ်ခွဲရှိ သစ်တောအတွင်းတွင် တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၅၅ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။