ကမ္ဘောဒီးယားများနေရာ အစားထိုးရန် မြန်မာလုပ်သား ၄ သောင်းကျော်ခေါ်ယူမည်ဟု ထိုင်းပြော

◼ဖိလစ်ပိုင် အင်ဒိုနီးရှား နီပေါ သီရိလင်္ကာ လုပ်သားများလည်းထိုင်းခေါ်မည်


ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသား သိန်းနှင့်ချီ နေရပ် ပြန်သွားပြီး နောက် အလုပ်သမားရှားပါးမှု ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံမှရွှေ့ပြောင်း အလုပ်သမား ၄၂,ဝဝဝ ခန့်ကို လာမည့် သြဂုတ် ၁၉ ရက် အင်္ဂါနေ့တွင် ခေါ်ယူသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး Mr. Pongkawin ကပြောကြောင်း thai pbs သတင်းတွင်ဖော်ပြသည်။

ထို့အပြင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ နီပေါနှင့် သီရိလင်္ကာ စသည့်နိုင်ငံမှ နောက်ထပ်အလုပ် သမား တစ်သိန်းခန့်ကို ဆက်လျှက် ခေါ်ယူနိုင်ရန် ရွှေ့ပြောင်းအလုပ်သမား မူဝါဒ ကော်မတီ (ALEM) ကိုလည်း ထူထောင်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးကဆိုသည်။

အလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံသို့ တရားမဝင်ပြန်လည်ဝင်ရောက်လာသည့် ကမ္ဘောဒီးယား အလုပ်သမား များနှင့် မပြန်နိုင်သေးသည့် ကမ္ဘောဒီးယားလုပ်သား ၉ဝ,ဝဝဝ ခန့်အား ခြောက်လသက်တမ်းတိုး နေထိုင် အလုပ်လုပ်ခွင့်ကို မကြာသေးမီကမှ အတည်ပြုခဲ့သည်။

ထိုင်းအစိုးရသည် ငါးလုပ်ငန်းများတွင်လည်း မြန်မာလုပ်သားများကို ခေါ်ယူရန် ရှာဖွေနေကြောင်း ထိုင်းနေးရှင်းသတင်းကဖော်ပြသည်။ ထိုင်းငါးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ Mongkol ကငါးလုပ်ငန်းများတွင် ကမ္ဘောဒီးယားနိုင်ငံသား ၁၄,၀၀၀ မှ ၁၅,၀၀၀ ခန့် တရားဝင် အလုပ်လုပ်ကိုင်နေကြကြောင်း ၊ထိုင်းနှင့် ကမ္ဘောဒီးယားအကြားပဋိပက္ခများအပြီးတွင် အလုပ်သမား ၄,၀၀၀ မှ ၅,၀၀၀ ခန့် နေရပ်သို့ ပြန်သွားကြကြောင်း ထိုင်းသတင်းဌာနကိုပြောကြားသည်။

လုပ်သားရှားပါးမှုကို ဖြေရှင်းရန်အတွက် ထိုင်းငါးလုပ်ငန်းအဖွဲ့သည် အလုပ်သမားကာကွယ်ရေးဥပဒေပုဒ်မ ၁၄ အရ မြန်မာလုပ်သားများ ခေါ်ယူမှုကို အရှိန်မြှင့်ဆောင်ရွက်ပေးရန် အလုပ်သမားဝန်ကြီးဌာနသို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းငါးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ Mongkol က မြန်မာလုပ်သားများသည် ငါးဖမ်းလုပ်ငန်းတွင် ကျွမ်းကျင်ပြီးဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ်လုပ်သားများကဲ့သို့ လေ့ကျင့်ပေးရန် မလိုအပ်ကြောင်း၊ အလုပ်သမားလိုအပ်ချက်ကို ချက်ချင်းဖြည့်ဆည်းရန် လုံလောက်သော အရေအတွက်ရှိကြောင်း ထိုင်းသတင်းကိုပြောကြားခဲ့သည်။

Photo – ထိုင်းနိုင်ငံ၊ ဘန်လမ်နယ်စပ်ဂိတ်မှ ဩဂုတ်လတွင်း ပြန်ထွက်ခွာသွားသည့် ကမ္ဘောဒီးယားအလုပ်သမားများ။

Similar Posts