ကမ္ဘောဒီးယားများအပြန် မြန်မာရွှေ့ပြောင်းလုပ်သား အခွင့်အလမ်း ဖြစ်မလား

- ထူးချစ် (FED)
၂ဝ၂၅ ခုနှစ် ဇူလိုင်လ ၂၄ ရက်က ဖြစ်ပွားခဲ့သော ထိုင်း–ကမ္ဘောဒီးယား ပဋိပက္ခကြောင့် သိန်းနှင့်ချီသည့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများသည် မိခင်နိုင်ငံသို့ ပြန်လည်ထွက်ခွာနေကြသည်။ ထိုင်းနိုင်ငံတွင်းရှိ လယ်ယာ၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ပင်လယ်စာထုတ်ပိုးသည့် စက်ရုံများနှင့် စက်မှုထုတ်လုပ်မှု စသည်တို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကဲ့သို့ပင် ကမ္ဘောဒီးယား အလုပ်သမားများလည်း အများပြား ဝင်ရောက်လုပ်ကိုင်နေကြသည်။
ထိုင်းနိုင်ငံ၏ သတင်းများအရ လက်ရှိတွင် ကမ္ဘောဒီးယား အလုပ်သမား ၃ သိန်းကျော်ခန့် နေရပ်ပြန်နေပြီး ကမ္ဘောဒီးယား အစိုးရကလည်း မပြန်လာသည့် အလုပ်သမားများ၏ ပစ္စည်းပိုင်ဆိုင်မှုများကို သိမ်းဆည်းမည်ဟု ကြေညာထားသည်။ အချို့သောထိုင်း အစွန်းရောက် လူမျိုးရေးမုန်းတီးသည့် အဖွဲ့များအနေနှင့် လူမှု ကွန်ယက် အွန်လိုင်းမီဒီယာများတွင် ကမ္ဘောဒီးယား အလုပ်သမားများ အား မုန်းတီးရေးကို တက်ကြွစွာ လှုံ့ဆော်နေပြီး အကြမ်းဖက်မှုများဖြစ်ပွားနေသည်။
ထိုင်းအစိုးရနှင့် လူ့အခွင့်အရေးလေးစားလိုက်နာသည့် ထိုင်းလူမျိုးများနှင့် အဖွဲ့အစည်းများက အကြမ်းဖက်မှု မဖြစ်ပွားစေရန် တားဆီးကာကွယ်နေကြပြီး “ဒီပဋိပက္ခသည် အစိုးရနှင့် စစ်တပ်အဆင့်တွင်သာ သက်ဆိုင်သည်၊ သာမန်ပြည်သူများနှင့် မသက်ဆိုင်” ဟု ထုတ်ပြန်ထားသည်။
ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအနေနှင့် လက်ရှိ အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းရန် အခြားနိုင်ငံမှ အလုပ်သမားများ၊ အထူးသဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အစားထိုးရန် ပြင်ဆင်နေကြသည်။ အချို့စက်ရုံများတွင်လည်း လစ်လပ်သွားသော ကမ္ဘောဒီးယား အလုပ်သမားနေရာများကို မြန်မာအလုပ်သမားများဖြင့် အစားထိုးလျက်ရှိကြသည်။
၂ဝ၂၅ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၂,ဝဝဝ ခန့်ကို ခေါ်ယူမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီး Pongkawin Juangroongruangkit က ပြောကြားခဲ့သည်။ ထိုင်း–ကမ္ဘောဒီးယား နယ်စပ်ရှိ ကျန်ပူရီခရိုင်တွင်လည်း စိုက်ပျိုးရေးလုပ်ငန်းများအတွက် အလုပ်သမား ၃ သောင်းခန့်လိုအပ်နေသည်ဟု သတင်းများကပြောသည်။
ကမ္ဘောဒီးယား အလုပ်သမားများ လုပ်ကိုင်နေသော အလုပ်အမျိုးအစားများသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လုပ်ကိုင်နေသော အလုပ်များနှင့် တူညီသဖြင့် အစားထိုးရာတွင် အခက်အခဲ မရှိနိုင်ဟု လုပ်ငန်းရှင်များ သုံးသပ်ထားသည်။ သို့သော် မြန်မာအလုပ်သမားများအနေဖြင့် တရားဝင်စာရွက်စာတမ်း၊ လုပ်ငန်းကျွမ်းကျင်မှုနှင့် ဘာသာစကား ကျွမ်းကျင်မှုများကို တိုးတက်အောင် ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်ပြီး ထိုင်းအစိုးရကလည်း တရားဝင်အလုပ်လုပ်ပိုင်ခွင့် လက်မှတ်များ ထုတ်ပေးနိုင်မည်ဟုမျှော်လင့်ရသည်။
ထိုင်းနိုင်ငံအတွင်း ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ကမ္ဘောဒီးယားအလုပ်သမားများပြန်လည်ထွက်ခွာခြင်းကြောင့် အလုပ်လစ်ဟာမှုများရှိနေသည်။ အဆိုပါလစ်လပ်နေသည့် နေရာများကို မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် အစားထိုး ဖြည့်ဆည်းရန် ထိုင်းလုပ်ငန်းရှင်းများက စိတ်ဝင်စားနေကြသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် နယ်စပ်မျဉ်းကြောင်းရှည်လျားမှု၊ တိုင်းပြည်နီးစပ်မှု၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာနီးစပ်မှု များကြောင့် အခြားနိုင်ငံသားများထက် အဆင်ပြေစွာ ခန့်အပ်နိုင်သည်ဟု သတ်မှတ်ခံထားရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေနှင့် နေ့စဉ်နှင့် အမျှဆိုသလို့ အလုပ်အကိုင်ရှာဖွေပေးသည့် ပွဲစားများ နှင့် ပြသာနာများကို ရင်ဆိုင်နေကြရသည်။ အလုပ်အကိုင်ရှာဖွေပေးနေသည့် ပွဲစားများအနေနှင့် ဝန်ဆောင်ခအဖြစ် (စမတ်ကြေး) ကို လူတစ်ဦးလျင် ဘတ်ငွေ ၅,ဝဝဝ မှ ၁ဝ,ဝဝဝ သောင်းအထိ ပေးဆောင်နေကြရသည်ဟူ အလုပ်သမားများထံမှသိရသည်။
ထို့အပြင် အလုပ်ပွဲစားများသည် ကြမ်းတမ်းခက်ခဲသည့် အလုပ်များ၊ ငွေပုံမှန်မရှင်းပေးသည့် လုပ်ငန်းများနှင့် အလုပ်မမှန် ( နေ့တိုင်းအလုပ်မဆင်းရသည့်) လုပ်ငန်းများကို အလုပ်သမားများဆီမှ ဝန်ဆောင်ဆောင်ခ ရလိုမှုများ မသမာသည့် နည်းလမ်းများဖြင့် စီးပွားရှာလျက်ရှိကြသည်။
ရွှေ့ပြောင်းမြန်မာအလုပ်သမားများအနေနှင့် အဆိုပါ ပြသာနာများကို ရှောင်လွှဲနိုင်ရန်အတွက်အလုပ်သမားရေးဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် စနစ်တကျချိတ်ဆက်ထားဖို့ လိုအပ်သည်။ ပြဿနာတစ်စုံတစ်ရာဖြစ်လာပါကလည်း အမြန်ဆုံးအကူအညီများရယူနိုင်ရန် ပြင်ဆင်ထားရမည်ဖြစ်ပါသည်။
သိန်းနှင့် ချီသည့် ကမ္ဘောဒီးယား အလုပ်သမားများနေရပ်ပြန်ခြင်းသည် ထိုင်းစီးပွားရေးလုပ်ငန်းများကို ထိခိုက်စေသည်။ ကမ္ဘောဒီးယား အလုပ်သမားများနေရာတွင်တစ်ခြား အလုပ်သမားများနှင့် ဧကန်မုချ အစားထိုးမည်ဖြစ်သည်။
မြန်မာရွေ့ပြောင်းအလုပ်သမာများ အနေနှင့် ကမ္ဘောဒီးယား အလုပ်သမားများနေရာတွင်အစားထိုးဝင်ရောက်နိုင်ရန်အတွက် အဓိကလိုအပ်သည် တရားဝင်မှုစာရွက်စားတမ်းများ စနစ်တကျပြင်ဆင်ထားရမည်ဖြစ်ပြီး ထိုင်းစကားနှင့် ထိုင်းစာကို အတတ်နိုင်ဆုံးကြိုးစားသင်ယူသင့်ပါကြောင်း ဖော်ပြလိုက်ရပါသည်။
Photo – ထိုင်းနိုင်ငံ၊ ဘန်လမ်နယ်စပ်ဂိတ်မှ ဩဂုတ်လတွင်း ပြန်ထွက်ခွာသွားသည့် ကမ္ဘောဒီးယားအလုပ်သမားများ။