ထိုင်းတွင် သတ္တုကျိုစက်ရုံပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမား ၁ ဦးသေဆုံး

ထိုင်းနိုင်ငံ၊ ပါကျင်ဘူရီခရိုင်ရှိ စတီးသတ္တုကျိုစက်ရုံ (T.S.B STEEL)တွင် ဩဂုတ်လ ၁၂ ရက်နေ့၌ စတီးသတ္တုကျိုသည့် မီးဖိုပေါက်ကွဲမှုကြောင့် စက်ရုံတွင် အလုပ်လုပ်ကိုင် နေသည့် မြန်မာအလုပ်သမား (၁)ဦး မီးလောင်သေဆုံးပြီး (၁) ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးကထုတ်ပြန်သည်။

မြန်မာအလုပ်သမား ၂ ဦးနှင့်ပတ်သက်ပြီး ဩဂုတ်လ ၁၄ ရက်နေ့တွင် ထိုင်းအလုပ်အကိုင်ရှာဖွေရေးဌာနမှ တာဝန်ရှိသူများ၊ စက်ရုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သံအရာရှိရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

သေဆုံး ထိခိုက်ခဲ့သည့် မြန်မာ ၂ ဦးအတွက် ထိုင်းနိုင်ငံ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် အမြန်ဆုံးရရှိနိုင်ရေး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အလုပ်သမားအတွက် ဥပဒေနှင့်အညီ ဆေးကုသခွင့်နှင့်အကျိုးခံစားခွင့်များရရှိရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးကထုတ်ပြန်သည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မကြာခဏဆိုသလို လုပ်ငန်းခွင်တွင် ထိခိုက်ခြင်း ၊ သေဆုံးခြင်းများဖြစ်ပေါ်လေ့ရှိသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် ဘန်ကောက်၊ချက်တူချက်မြို့နယ်ရှိ စာရင်းစစ်ချုပ်ရုံး အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းခွင်သည် ငလျင်ကြောင့်ပြိုကျခဲ့ပြီး မြန်မာအလုပ်သမား ၃၉ ဦးခန့် အပါအဝင် အလုပ်သမား ၉ဝ ကျော်သေဆုံးခဲ့သည်။

ငလျင်ကြောင့်သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများအနက် စိစစ်ပြီးသူ မြန်မာအလုပ်သမား(၁၅)ဦး
အား လူသားချင်းစာနာထောက်ထားမှုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် ဘတ် (၁) သန်းစီအားချက်လက်မှတ်ဖြင့် သက်ဆိုင်ရာ ကုမ္ပဏီက ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးကထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံး ဒဏ်ရာရပါက
ရွှေ့ပြောင်းအလုပ်သမားကူညီသည့် အဖွဲ့အစည်းများအား အကြောင်းကြားသင့်ပြီး စက်ရုံနှင့်လုပ်ငန်းခွင်မှပေးသည့် စာရွက်စာတမ်းများတွင် နားမလည်ပဲ လက်မှတ်ရေးမထိုးသင့်ကြောင်း ရွှေ့ပြောင်း အလုပ်သမားကူညီသူတစ်ဦးက Migrant Times ကိုပြောကြားသည်။

ဓာတ်ပုံ – အလုပ်သမားသံအရာရှိရုံး။
ပါကျင်ဘူရီခရိုင်ရှိ စတီးသတ္တုကျိုစက်ရုံ (T.S.B STEEL)ကို အလုပ်သမားအဖွဲ့များက သွားရောက်လေ့လာနေကြစဉ်။

Similar Posts