သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချူပ် (STUM) ဦးဆောင်သူ အလုပ်သမားအရေး လုပ်ရှားသူ ဒေါ်မျိုးမျိုးအေး နှင့် အဖွဲ့ဝင်၈ ဦးကို ယမန်နေ့ ဩဂုတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ ၊ အင်းစိန်အကျဉ်းထောင်ရှိ အချုပ်ဆောင်ကိုပို့ဆောင်ခဲ့ကြောင်း STUM တာဝန်ရှိသူက Migrant Times ကိုပြောကြားသည်။
ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်း အချိန်တွင် ရွှေပြည်သာ မြို့မ ရဲစခန်းမှ ဒေါ်မျိုးမျိုးအေးနှင့် သင်းထက်စံ ပါ(၈)ဦး တို့အား ရွှေပြည်သာမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။ တရားရုံးက ၁၉၆၁၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန် အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် သီးခြား(တစ်မှုချင်းစီ) တရားစွဲတင်ပြီး ပြန်လည်း ကြားနာရန်အတွက် လာမည့် ဩဂုတ်လ ၂၅ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့သည်။
ရုံးချိန်းပေးပြီးနောက် ဒေါ်မျိုးမျိုးအေး နှင့် သင်းထက်စံပါ (၈) ဦးတို့အား အင်းစိန်အကျဉ်းထောင် ရှိ အချုပ် သို့ လွှဲပြောင်းပို့ဆောင်လိုက်ပြီး ဩဂုတ်လ ၁၈ ရက်နေ့အထိ ဒေါ်မျိုးမျိုးအေးတို့အား အခြားသော ဥပဒေများ၊ ပုဒ်မများဖြင့် ထပ်မံ တရားစွဲဆိုထားခြင်း မရှိသေးကြောင်း STUM ကထုတ်ပြန်ထားသည်။
“မျက်မြင်အရတော့ အကုန် ကျန်းမာရေးကောင်းကြတယ်၊ နှစ်ဦးကိုတော့ အင်းစိန်အကျဉ်းထောင်ကို ဩဂုတ် ၇ ကတည်းက ရုံးချိန်းပြီးတာနဲ့ တန်းပို့လိုက်ပါတယ်” ဟု STUM တာဝန်ရှိသူက Migrant Times ကို ဩဂုတ်လ ၁၈ ရက်နေ့ ညတွင် ပြောသည်။
စစ်ကောင်စီက STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ၎င်း၏နေအိမ်၌ ပြီးခဲ့သည့် ဇူလိူင်လ ၂၅ ရက်နေ့ညတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၎င်းနောက် STUM ဝန်ထမ်း ၁ဝ ဦးကို ဇူလိူင်လ ၂၆ ရက်မှ ၂၈ ရက်အတွင်း ထပ်မံဖမ်းဆီးခဲ့သည်။
STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနှင့် ဝန်ထမ်း ၉ ဦးအား ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် အောင်သပြေစစ်ကြောရေးမှရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ အင်းစိန်မြို့နယ်များ သို့လွှဲပြောင်းပို့ဆောင်ကာ ဩဂုတ်လ ၇ ရက်နေ့တွင် သက်ဆိုင်ရာတရားရုံးများ၌ ချုပ်ရက်ရမာန်ပေးခဲ့သည်။
၎င်းနောက် အင်းစိန်အကျဉ်းထောင်ရှိ အချုပ်ဆောင်ကို အသီးသီးပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ဝန်ထမ်း တစ်ဦးအား စစ်မှုထမ်းရန် ခေါ်ဆောင်သွားကြောင်း STUM ကပြောကြားသည်။
မြန်မာနိုင်ငံတွင် အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေးတို့အတွက် STUM အဖွဲ့ကို ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနှင့် အဖွဲ့ဝင်များအား အမြန်ဆုံးပြန်လွှတ်ပေးရန်နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းများနှင့် လူ့အခွင့်ရေးကာကွယ်သည့် အဖွဲ့အစည်းများကလည်း ဩဂုတ်လ ၇ ရက်နေ့တွင် တောင်းဆိုခဲ့သည်။
ဓာတ်ပုံ – STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး။