ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ထိန်းသိမ်းခံထားရသည့် အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးသည် သြဂုတ်လ ၂၂ ရက်နေ့ နံနက်အစောပိုင်းတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
ရဲတပ်ဖွဲ့၏ အတည်ပြုချက်အရ ဩဂုတ်လ ၂၂ ရက် နံနက် ၅:၀၃ နာရီတွင် မထိုက်ဒါလီအား ထိန်းသိမ်းရေးအခန်း၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ အခန်းတွင်းမှ CCTV မှတ်တမ်းများအရ မထိုက်ဒါလီသည် သူ၏ဘောင်းဘီကို ထိန်းသိမ်းရေးအခန်းသံတိုင်များတွင် ချည်နှောင်ပြီး ကြိုးဆွဲချခဲ့သည်ကို ပြသနေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ရဲတပ်ဖွဲ့က ပြသသည့် CCTV ပုံတွင် မထိုက်ဒါလီသည် ထိန်းသိမ်းရေးအခန်းသံတိုင်များတွင် ကြိုးဆွဲချထားသည်ကို တွေ့ရကြောင်း The Phuket News ကဖော်ပြသည်။ ဖူးခက်မြို့ ရဲတပ်ဖွဲ့၏ အစီရင်ခံစာအရ မဒါလီကို သြဂုတ်လ ၁၅ ရက်နေ့တွင် ဖူးခက်ပြည်နယ်အကျဉ်းထောင်မှ လွှတ်ပေးခဲ့ပြီး သလန်ရဲစခန်းမှ ရဲအရာရှိများက ခေါ်ဆောင်သွားကာ နောက်ပိုင်းတွင် ၎င်း၏အမှုကို ကိုင်တွယ်နေသော ပတန်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။
သြဂုတ်လ ၂၁ ရက် နေ့လယ် ၂:၃၀ နာရီတွင် မဒါလီကို လူဝင်မှုကြီးကြပ်ရေးဗျူရို၏ အမိန့်အရ ပြည်နှင်ရန် ထိန်းသိမ်းထားရန်အတွက် ဖူးခက်လူဝင်မှုကြီးကြပ်ရေးသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုအချိန်က အခန်းထဲတွင် အခြားအမျိုးသမီး နှစ်ဦး ရှိကြောင်း ရဲက မှတ်ချက်ပြုခဲ့သည်။
ဖူးခက်မြို့ ရဲတပ်ဖွဲ့၏ အစီရင်ခံစာတွင် မထိုက်ဒါလီ ကြိုးဆွဲချနေသည်ကို အခန်းဖော်နှစ်ဦးက တားဆီးရန် ကြိုးပမ်းခြင်းရှိ၊ မရှိကို ဖော်ပြထားခြင်း မရှိပေ။ မထိုက်ဒါလီ သေဆုံးမှုကို မိမိကိုယ်ကိုယ် သတ်သေမှုအဖြစ် သတ်မှတ်ထားကြောင်းထိုင်းသတင်းကဖော်ပြသည်။
Photo – ဖူးခက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံး ထိန်းသိမ်းရေးစခန်း ၊ Thai Media