Site icon Migrant Times

တိုင်ဖွန်းမုန်တိုင်း ကဂျီကီ ကြောင့် ထိုင်းနိုင်ငံအနှံ့ မိုးသည်းထန်မည်

ဩဂုတ် ၂၅ မှ ၂၇ ရက်အတွင်း အရှေ့မြောက်ပိုင်းနှင့် မြောက်ပိုင်းပြည်နယ်များသတိပြုရန်ထုတ်ပြန်

ဩဂုတ် ၂၅ – Migrant Times

တောင်တရုတ်ပင်လယ်မြောက်ပိုင်း၌ရှိနေသည့် တိုင်ဖွန်းမုန်တိုင်း ကဂျီကီ(Kajiki)ကြောင့် ထိုင်းနိုင်ငံအနှံ့ မိုးသည်းထန်မည်ဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာန (TMD) ကယနေ့ (ဩဂုတ်-၂၅) ထုတ်ပြန်သည်။

တိုင်ဖွန်းမုန်တိုင်း Kajiki သည် လက်ရှိတွင် တောင်တရုတ်ပင်လယ်မြောက်ပိုင်း၌ ရှိနေပြီး ဩဂုတ် ၂၅ ရက်နေ့တွင် ဗီယက်နမ်မြောက်ပိုင်းသို့ ကုန်းတွင်းဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။ ဩဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် လာအိုနိုင်ငံသို့ ရွေ့လျားလာချိန်၌ အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားပျော့သွားပြီးနောက် မုန်တိုင်းငယ်သို့ပြောင်းလဲသွားမည်ဖြစ်သည်။

ထို့နောက် မုန်တိုင်းသည် ပိုမိုအားပျော့ကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြောင်းလဲသွားပြီး ဩဂုတ် ၂၆ ရက် ညနေပိုင်းတွင် နန်ပြည်နယ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။ မုန်တိုင်းကြောင့် ဩဂုတ် ၂၅ ရက်မှ ၂၇ ရက်အတွင်း အရှေ့မြောက်ပိုင်းနှင့် မြောက်ပိုင်းပြည်နယ်များတွင် မိုးအလွန်သည်းထန်စွာ ရွာသွန်းနိုင်ပြီး လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာန ကထုတ်ပြန်သည်။

မုန်တိုင်းကြောင့် ဘန်ကောက်မြို့တွင် မိုးရွာနိုင်ခြေ ၇၀% ရှိပြီး မိုးအလွန်သည်းထန်မည်ဟု ခန့်မှန်းထားသည်။

ယနေ့မှနောက် ၂၄ နာရီအတွင်း မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်တောင်ပိုင်းပြည်နယ်များတွင် မိုးအလွန်သည်းထန်စွာ ရွာသွန်းမည်ဖြစ်ပြီး နန်၊ နောင်ခိုင်၊ ဘွန်ကန်၊ စကွန်နာခွန်၊ နခွန်ဖနွန်၊ ထရတ်၊ ရနောင်းနှင့် ဖန်ငါဒေသများတွင် ရေကြီးရေလျှံမှု၊ ရေစီးဆင်းမှု၊ လေပြင်းတိုက်ခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း TMD ကသတိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ – တောင်တရုတ်ပင်လယ်မြောက်ပိုင်းတွင် ယနေ့ ဩဂုတ်လ၂၅ ရက် နေ့ နံနက်ကတွေ့ရသည့် Kajiki မုန်တိုင်း။ (Photo – Windy Website)

#Migranttimes

#ထိုင်း

#မုန်တိုင်း

#Kajiki

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

TikTok https://www.tiktok.com/@migranttime

Exit mobile version