ဩဂုတ် ၂၇ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်တွင် ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နေ့က အပူပိုင်းမုန်တိုင်း Kajiki ကြောင့် မိုးသည်းထန်ခဲ့ပြီး မယ်ဂျမ်မြို့နယ်(Mae Chaem)၊ ပန်အွန်း၊ မူး ၁ ကျေးရွာရှိ နေအိမ်များအတွင်းရေဝင်ရောက်ခဲ့သည်။ ထို့နောက်မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦး ပျောက်ဆုံးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
ကယ်ဆယ်ရေးအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ပျောက်ဆုံးသူနှစ်ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ပြီး ၁၂ နှစ်အရွယ် မိန်းကလေးငယ်ကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။ ဒဏ်ရာရရှိသူများကို မယ်ဟောင်ဆောင်ခရိုင်ရှိ ခွန်ရွမ်ဆေးရုံနှင့် ချင်းမိုင်ရှိ မယ်ဂျမ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ယမန်နေ့မှ စတင်ရွာသွန်းခဲ့သော မိုးသည်းထန်မှုကြောင့် ပန်အွန်း၊ မူး ၁ ကျေးရွာအတွင်း မြေကြီးနှင့် ရွှံ့များ ညတွင်းချင်း နေအိမ်များထဲသို့ ရောက်ရှိလာပြီး အိမ်များစွာကို ပျက်စီးခဲ့ကြောင်း၊ နေအိမ် ၇ လုံးမှာ ရုတ်တရက် ရေကြီးမှုကြောင့် ပြိုကျပြီး ရေထဲမျောပါသွားခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ယမန်နေ့တွင် ချင်းမိုင်မြို့၌ မိုးသည်းထန်မှုကြောင့် လမ်းအများအပြားရေကြီးခဲ့ပြီး အတွင်ပိုင်းလမ်းများ ရေဝင်ရောက်ခဲ့ကြောင်း ချန်ကလန်ရပ်ကွက်နေ မြန်မာတစ်ဦးက Migrant Times ကိုပြောသည်။
မုန်တိုင်း Kajiki သည် ဩဂုတ်လ ၂၆ ရက်နေ့တွင် လာအိုနိုင်ငံအလယ်ပိုင်းသို့ဝင်ရောက်ခဲ့သည်။ မုန်တိုင်း၏ အရှိန်ကြောင့် ထိုင်း မြောက်ပိုင်းပြည်နယ်များတွင် ယနေ့၌ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးချက်ထုတ်ထားသည်။
Photo – PR Chiangmai
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes
TikTok https://www.tiktok.com/@migranttime