ထိုင်းတွင် ဖမ်းဆီးခံရသည့် အသက် ၁၃ နှစ်အရွယ် ကမ္ဘောဒီးယားကျောင်းသား ပြန်မပို့ရေး ဆွေးနွေးနေ

ဆူရင်ပြည်နယ်ရှိ ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာတစ်ခုတွင် ပို့ဆောင်ထား
ဩဂုတ် ၂၈ – Migrant Times
ထိုင်းနိုင်ငံ ဆူရင်ပြည်နယ်ရှိ စာသင်ကျောင်းတခုတွင်တက်ရောက်နေသည့် အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦးကို တရားမဝင် ကမ္ဘောဒီးယား နိုင်ငံခြားသားတစ်ဦးဖြစ်သည်ဟုဆိုကာ ဒေသခံတစ်ဦးက ဖမ်းဆီးရန် ရဲတပ်ဖွဲ့ထံတိုင်ကြားစာပေးပို့ခဲ့သည်။
ထို့နောက် ယမန်နေ့ သြဂုတ်လ ၂၇ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ကျောင်းအတွင်းဝင်ရောက်ကာ ဖမ်းဆီးခဲ့ပြီး ကမ္ဘောဒီးယားသို့ ပြန်လည်ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း ထိုင်းသတင်းက ယနေ့ဖော်ပြသည်။ ၎င်းကလေးသည် ကင်းထောက်၀တ်စုံဖြင့် ကျောင်းတွင် ထိုင်းနိုင်ငံတော်သီချင်း သီဆိုပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းကဖော်ပြသည်။
အဆိုပါကျောင်းသားသည် ထိုင်းမွေးစားဖခင်နှင့် ကမ္ဘောဒီးယားမိခင်တို့မှ မွေးဖွားလာသူဖြစ်ကြောင်း၊
မွေးကင်းစအရွယ်မှစ၍ ထိုင်းနိုင်ငံတွင် နေထိုင်လာခဲ့သူဖြစ်ကာ ထိုင်းဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး ကမ္ဘောဒီးယားဘာသာစကားကို မဖတ်နိုင်ကြောင်း၊ထို့အပြင် ပညာရေးတွင်လည်း ၄.၀၀ GPA ဖြင့် ထူးချွန်သော မှတ်တမ်းကောင်းများရှိကြောင်း သတင်းများတွင်ရေးသားသည်။
ရဲတပ်ဖွဲ့သည် အဆိုပါကလေးငယ်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ၁ဝ ဦးရှိသော ကမ္ဘောဒီးယားအုပ်စုတစ်စုနှင့်အတူ စစ်ဆေးမှုများ ပြုလုပ်နေကာ ဆာကေအိုနယ်စပ်ဂိတ်သို့ ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ထိုင်းပညာရေးဝန်ကြီး နရူမွန် ပင်ညိုစင်ဝပ်က ယနေ့သြဂုတ် ၂၈ ရက်တွင် အဆိုပါအခြေအနေအပေါ် ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။ အမှုအား ပြန်လည်စစ်ဆေးကာ အကူအညီများရှာဖွေသွားမည်ဟု ဝန်ကြီးက ကတိပြုခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
Khaosod English သတင်းအရ ထင်ရှားသည့် တက်ကြွလှုပ်ရှားသူ ပွန်ဖန်းက ယနေ့ ညနေ ၃ နာရီခွဲကျော်တွင် အသက် ၁၃ နှစ်အရွယ် ကမ္ဘောဒီးယားကျောင်းသားကို ဆူရင်ခရိုင်ကို ပြန်လည်ခေါ်ဆောင်သွားကြောင်း ၊ ၎င်းကလေးအား ပြန်မပို့ရေးအတွက် ဆွေးနွေးနေကြပြီး ထိုင်းနိုင်ငံတွင် ဆက်နေခွင့်ရ မရမသေချာကြောင်း ဖော်ပြသည်။
ထိုင်းတွင် ဖမ်းဆီးခံရသည့် အသက် ၁၃ နှစ်အရွယ် ကမ္ဘောဒီးယားကလေးနှင့်ပတ်သက်ပြီး
ပြည်သူ့ပါတီ (PP) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ကျောင်းသားကို ကမ္ဘောဒီးယားသို့ ပြန်ပို့ပါက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းကို လုံးဝချိုးဖောက်ရာရောက်ကြောင်း အခိုင်အမာ ပြောကြားထားသည်။ ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်ကလည်း ၎င်း၏ Facebook အကောင့်မှတစ်ဆင့် ဆက်သွယ်၍ ဥပဒေအကူအညီများ ရယူနိုင်ကြောင်း ပြောကြားထားသည်။
နောက်ဆုံးသတင်းအရ ကမ္ဘောဒီးယားကျောင်းသားနှင့် ၎င်း၏မိခင်ဖြစ်သူတို့ကို ဆူရင်ပြည်နယ်ရှိ ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာတစ်ခုသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း အထက်လွှတ်တော်အမတ် Angkhana Neelapaijit ကသူ၏ Facebook တွင် အတည်ပြုပြောကြားထားသည်။
Photo – Thai Media
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes