ထိုင်း-ကမ္ဘောဒီးယား အငြင်းပွားမှုက ချင်းမိုင်က အလုပ်သမားအရေးကို ထိခိုက်မှုမရှိ

ခွန်သောမတ်စ်

စက်တင်ဘာ ၂ ၊ Migrant Times ။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသ၏ အငြင်းပွားမှုများက ချင်းမိုင်တွင်ရှိသည့် ရွေ့ပြောင်းအလုပ်သမားများအတွက် ထိခိုက်မှုမရှိပေ။ ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ မြို့တော်ဖြစ်သည့် ချင်းမိုင်ရှိ အလုပ်သမားဈေးကွက်သည် မြန်မာနိုင်ငံသား လုပ်သား ၁၃၆,၀၀၀ ကျော်ဖြင့် အားထားမှီခိုနေရကြောင်း ချင်းမိုင်ခရိုင် အလုပ်အကိုင်ရှာဖွေရေး ရုံးမှတ်တမ်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တစ်ချိန်တည်းတွင် အသေးစားစက်မှုလုပ်ငန်း သို့မဟုတ် စိုက်ပျိုးရေးလုပ်ငန်းတွင် ကမ္ဘောဒီးယားနိုင်ငံသားပုံမှန်လုပ်သား ၂ဝဝခန့်ကသာ အလုပ်လုပ်နေသည်။ ချင်းမိုင်ဒေသတွင် မြန်မာနှင့်လာအိုအလုပ်သမားများ အလွယ်တကူ အစားထိုးနိုင်ရန် အစီရင်ခံစာတွင် အလေးပေးဖော်ပြထားသည်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တလျှောက် တင်းမာနေသည့်အခြေအနေနှင့် ကမ္ဘောဒီးယားအလုပ်သမား အချို့ ပြန်လည်ခေါ်ယူခံရသည့် သတင်းများကြားတွင် ချင်းမိုင်ခရိုင်သည် အလုပ်သမားဈေးကွက်၊ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်ရှင်များကြား ကောင်းမွန်သောဆက်ဆံရေးကို ထိခိုက်မှု မရှိပေ။

ချင်းမိုင်ခရိုင် အလုပ်အကိုင်ရှာဖွေရေးရုံး၏ ၂၀၂၅ ခုနှစ် သြဂုတ်လ ၆ ရက် မှတ်တမ်းအရ ချင်းမိုင်တွင် တရားဝင်မှတ်ပုံတင်ထားသည့် ရွှေ့ပြောင်းအလုပ်သမား ၄၃,၅၇၄ ရှိပြီး ကမ္ဘောဒီးယားမှ ၁၈၈ ဦး၊ လာအိုမှ ၃၆၀ ဦး၊ မြန်မာမှ ၄၃,၀၁၁ နှင့် ဗီယက်နမ်နိုင်ငံမှ ၁၅ ဦးရှိသည်။ အလုပ် လုပ်ခွင့် (ဝေါ့ပါမစ်) ရဖို့ စောင့်ဆိုင်းနေသည့် မြန်မာလုပ်သား ၉၃,၀၀၀ ထပ်မံရှိနေပြီး ချင်းမိုင်တွင် မြန်မာအလုပ်သမား စုစုပေါင်း ၁၃၆,၀၀၀ ကျော်ရှိသည်ဟု ဖော်ပြထားပါသည်။

၎င်းစာရင်းသည် မြောက်ပိုင်းရှိ အလုပ်သမားဈေးကွက်တွင် ကမ္ဘောဒီးယားမဟုတ်ဘဲ မြန်မာအလုပ်သမားများအပေါ် အဓိကမှီခိုနေရသည်ကို ထင်ဟပ်စေသည်။ ကမ္ဘောဒီးယားက အလုပ်သမားများသည် စိတ်ဖိစီးမှုအချို့ရှိသော်လည်း ပုံမှန်အတိုင်း အလုပ်လုပ်နေကြကြောင်း စီးပွားရေးလုပ်ငန်းရှင်များက အတည်ပြုသည်။

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခသည် ချင်းမိုင်တွင် ထိခိုက်မှုနည်းပါးနေပြီး အများစုမှာ ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင်နေကြသောကြောင့် ချင်းမိုင်ရှိ ကမ္ဘောဒီးယား အလုပ်သမားများ၏ အလုပ်အကိုင်ကို ထိခိုက်ခြင်းမရှိကြောင်း အစီရင်ခံစာက အတည်ပြုခဲ့သည်။ သို့သော်လည်း အမျိုးသားရေးဝါဒီများ၏ ဖိအားနှင့် ကမ္ဘောဒီးယားရှိ ၎င်းတို့၏ မိသားစုများ၏ ဖိအားကြောင့် ကမ္ဘောဒီးယား လုပ်သားများသည် အချို့သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိကြောင်း ၁၆ နှစ်ကျော်ကြာ အတွေ့အကြုံရှိ လုပ်ငန်းရှင် တစ်ဦးကပြောသည်။

ချင်းမိုင်တွင် ကမ္ဘောဒီးယား အလုပ်သမား အများစုသည် စိုက်ပျိုးရေး ကဏ္ဍတွင် လုပ်ကိုင်ကြပြီး ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ အခြေအနေ ဆိုးရွားတင်းမာမှု ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်ပါက ယခင်ရှိပြီးသား မြန်မာအလုပ်သမား အများအပြားဖြင့် အစားထိုးနိုင်မည်ဖြစ်ရာ အလုပ်အကိုင်စနစ်အပေါ် သက်ရောက်မှုများမရှိကြောင်း လုပ်ငန်းရှင်များကသုံးသပ်သည်။

ထိုင်းနိုင်ငံသည် စက်မှုလုပ်ငန်းအများအပြားတွင် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှရွှေ့ပြောင်းလုပ်သားများအပေါ် မှီခိုနေရဆဲဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက အလေးပေး ပြောကြားခဲ့သည်။ အလုပ်သမားများက ရွှေ့ပြောင်းလုပ်သားများ၏ စည်းကမ်းရှိမှု၊ ဥပဒေ လိုက်နာမှု ကောင်းမွန်ပါက ၎င်းတို့သည် စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်စေကြောင်းပြောကြားသည်။

သို့သော် မည်သူမဆို ဥပဒေကို ဖောက်ဖျက်ပါက တရားမျှတစွာ အရေးယူရခံမည်ဖြစ်သည်။ ကမ္ဘောဒီးယား အလုပ်သမားများနှင့် ချင်းမိုင်မြို့ခံများကြား ဆက်ဆံရေးသည် ပုံမှန်အတိုင်း ရှိနေပြီး ၎င်းတို့သည် မြောက်ပိုင်းရှိ အလုပ်သမားဈေးကွက်ကို ထင်ဟပ်စေကြောင်း ထိုင်းသတင်းကရေးသားသည်။

Ref / Photo – spacebar . th

#Migranttime

#ထိုင်း

#အလုပ်သမား

#ရွှေ့ပြောင်း

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

TikTok https://www.tiktok.com/@migranttime

Similar Posts