စက်တင်ဘာ ၃ ၊ Migrant Times ။
မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့၊ ဘူကစ်ဘင်တန် (Bukit Bintang) တွင် ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ ညက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၇၇၀ ကို လူဝင်မှုကြီးကြပ်ရေးဌာန(JIM)က ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား ၂၃၅ ဦး ပါဝင်ကြောင်း မလေးရှားသတင်းတွင်ဖော်ပြသည်။
ဘူကစ်ဘင်တန်တွင် Ops Belanja ဟု အမည်ပေးထားသည့် စစ်ဆင်ရေးကို ည ၇ နာရီခွဲမှ ၉ နာရီခွဲအထိ နှစ်နာရီကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အရာရှိ ၁၀၆ ဦး ပါဝင်ခဲ့ကြောင်း JIM ကထုတ်ပြန်သည်။
နိုင်ငံခြားသား ၁,၆၀၀ နှင့် ဒေသခံ ၈၄၅ ဦး အပါအဝင် စုစုပေါင်း ၂,၄၄၅ ဦးကို စစ်ဆေးခဲ့ပြီး ထိုသူများအနက် အသက် ၂၁ နှစ်မှ ၆၅ နှစ်ကြားရှိ ရွှေ့ပြောင်းနေထိုင်သူ ၇၇ဝ ဦးသည် အမျိုးမျိုးသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုများ ကျူးလွန်ထားကြောင်း ထုတ်ပြန်သည်။
“သူတို့ဟာ တရားဝင်ခရီးသွားလာခွင့် စာရွက်စာတမ်းတွေ မရှိတာ၊ ဗီဇာသက်တမ်း ကုန်လွန်ပြီး နေထိုင်တာ၊ ဒါမှမဟုတ် အသိအမှတ်ပြုထားခြင်းမရှိတဲ့ မှတ်ပုံတင်ကတ်တွေကို အသုံးပြုတာ စတဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့ကြတာပါ” ဟု JIM ညွှန်ကြားရေးမှူး ဘက်စရီ အော့စ်မန်ဘက်စရီက ပြောသည်။
ဖမ်းဆီးခံရသူများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၇၇ ဦး၊ မြန်မာနိုင်ငံသား ၂၃၅ ဦး၊ နီပေါနိုင်ငံသား ၇၂ ဦး၊ အိန္ဒိယနိုင်ငံသား ၅၈ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၉ ဦးနှင့် အခြားနိုင်ငံသားအချို့ ပါဝင်သည်။ အချို့သော ရွှေ့ပြောင်းနေထိုင်သူများသည် ဈေးဆိုင်များအတွင်း စားပွဲများအောက်နှင့် အမိုးများပေါ်တွင် ပုန်းအောင်းခဲ့ကြကြောင်း ဘက်စရီက ဆက်ပြောသည်။
၎င်းတို့ကို JIM ဌာနချုပ်ရှိ ရုံးများသို့ ပို့ဆောင်ကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် ဘီရာနန်း (Beranang) နှင့် လန်းဂန်း (Lenggeng) ရှိ ထိန်းသိမ်းရေးစခန်းများသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်းသိရသည်။
Photo – vom24
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes