ချင်းမိုင်မြို့ ကတ်လုံဈေးတွင် မြန်မာလုပ်သား ၆ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၄ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့လယ်ရှိ ဝရောရော့ဈေး(ကတ်လုံ)ဈေးတွင် တရားမဝင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား အလုပ်သမား ၆ ဦးအား စက်တင်ဘာလ ၃ ရက်နေ့၌ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
မြန်မာနိုင်ငံသား ၆ ဦးသည် အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ အလုပ်လုပ်ခြင်း ၊ ၎င်းတို့၏အလုပ်ရှင်နှင့်လုပ်ငန်းခွင်ကို မှတ်ပုံတင်အရာရှိထံ အသိပေးခြင်းမရှိခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
မြန်မာနိုင်ငံသား ၆ ဦးအား ဥပဒေအရ အရေးယူရန် ချင်းမိုင်မြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ကလည်း ချင်းမိုင်မြို့၊ မယ့်ရင်ရပ်ကွက်ရှိ စျေးတစ်ခုတွင် တရားမဝင်စျေးရောင်းခြင်း လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးအားဖမ်းဆီးခဲ့ကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။
အလားတူ ဇူလိုင်လအတွင်းတွင် ချင်းမိုင်မြို့၊ မြန်မာစားသောက်ဆိုင်ဝန်းအတွင်းရှိ ရွှေ့ပြောင်းလုပ်သား ၆ ဦးလည်းဖမ်းဆီးခံခဲ့ရသည်။ ထိုင်းသတင်းများ ဖော်ပြချက်အရ ပြီးခဲ့သည့်
ဩဂုတ်လအတွင်း နယ်စပ်များမှတရားမ၀င်၀င် ရောက်သည့် မြန်မာနိုင်ငံသား ၉၀၀ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။
Photo – ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာန
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes
TikTok https://www.tiktok.com/@migranttime

