ထိုင်းဝန်ကြီးချုပ်သစ် အနုတင် ဆိုတာဘယ်သူလဲ

ထိုင်းနိုင်ငံတွင် ယနေ့ လွှတ်တော်တွင်း ကျင်းပသည့် ဝန်ကြီးချုပ် မဲပေးရွေးချယ်ပွဲ၌ ဘုံဂျိုင်ထိုင်း(Bhumjaithai)ပါတီခေါင်းဆောင် အနုတင် ချန်ဗီရာကူလ်(Anutin Charnvirakul)သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဖြစ်လာကြောင်း ထိုင်းသတင်းကဖော်ပြသည်။

အနုတင် ချာရန်ဗီရာကူလ်သည် ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာရန် လိုအပ်သော မဲအရေအတွက် ၂၄၇ မဲထက် ကျော်လွန်ပြီး မဲများရရှိခဲ့သည်။

ဘိုဂျိုင်ထိုင်း(Bhumjaithai)ပါတီခေါင်းဆောင် အနုတင်သည် ထိုင်းနိုင်ငံတွင် ဆေးခြောက်တရားဝင်သုံးစွဲခွင့်ရအောင် လွှတ်တော်တွင်း တင်သွင်းခဲ့သူဖြစ်ပြီး သူ၏ပါတီသည် ဆေးခြောက်ပါတီဟုလည်း ထိုင်းနိုင်ငံတွင် လူသိများသည်။

အနုတင်သည် ဘန်ကောက်မြို့ Assumption ကောလိပ်တွင် အလယ်တန်းပညာ (၁၉၈၄ ခုနှစ်)၊ အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်တွင် Worcester Academy (၁၉၈၅ ခုနှစ်) တို့ကို တက်ရောက်ခဲ့ပြီး နယူးယောက်မြို့ Hofstra တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာသိပ္ပံဘွဲ့ကို (၁၉၈၉ ခုနှစ်)တွင်ရရှိခဲ့သည်။

အလုပ်အကိုင်ကို ၁၉၈၉ ခုနှစ်တွင် နယူးယောက်မြို့ရှိ Mitsubishi ကော်ပိုရေးရှင်းတွင် ထုတ်လုပ်ရေးအင်ဂျင်နီယာအဖြစ် စတင်ခဲ့သည်။ နောက်ပိုင်း၌ ထိုင်းနိုင်ငံစက်မှုဘဏ္ဍာရေးကော်ပိုရေးရှင်း၏ ဘဏ္ဍာရေးစီမံကိန်းဌာနတွင် နည်းပညာပိုင်းဆိုင်ရာ လေ့လာဆန်းစစ်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး Sino-Thai အုပ်စုတွင်လည်း အကြီးတန်းအမှုဆောင်အရာရှိ တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ Sino-Thai Engineering and Construction Public Company Limited ၏ မန်နေးဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။

အနုတင်၏ ပြည်သူ့ဝန်ဆောင်မှုနှင့် နိုင်ငံရေးသမားဘဝဖြတ်သန်းမှုများမှာ ပြည်သူ့ကျန်းမာရေး ဒုတိယဝန်ကြီး (၂၀၀၄၊ ၂၀၀၅-၂၀၀၆) ၊ စီးပွားရေး ဒုတိယဝန်ကြီး (၂၀၀၄-၂၀၀၅)၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး (၂၀၁၉-၂၀၂၃)၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး (၂၀၂၃ စက်တင်ဘာလမှစ၍)တို့ဖြစ်သည်။

အနုတင်သည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ်လည်း လူသိများပြီး Flying Heart စီမံကိန်းတွင် စေတနာ့ဝန်ထမ်း လေယာဉ်မှူးတစ်ဦးလည်း ဖြစ်သည်။ သူ၏အုပ်ချုပ်ရေးပုံစံသည် တာဝန်ယူမှု၊ ဒီမိုကရေစီမူများကို လေးစားလိုက်နာမှုနှင့် ထိုင်းပြည်သူများ၏ ဘဝအရည်အသွေးကို မြှင့်တင်ဖို့ ရည်ရွယ်သည့် မူဝါဒများကို အလေးထားကြောင်း ထိုင်းပြည်သူ့ဆက်ဆံရေးဌာန – PR Thai Government ကယနေ့ ညနေတွင်တရားဝင်ထုတ်ပြန်သည်။

Photo – PR Thai Government

Similar Posts