စက်တင်ဘာ ၅ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီ ဆိုင်ယုတ်ဒေသတွင် တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၁ ဦးကိုဖမ်းဆီးနိုင်ခဲ့ကြောင်း အဝေးပြေးရဲတပ်ဖွဲ့မှ ယနေ့ထုတ်ပြန်သည်။
ဆိုင်ယုတ်ဒေသရှိ အဝေးပြေးရဲတပ်ဖွဲ့သည် သောင်ဖာဖူ သုံးလမ်းဆုံဂိတ်တွင် လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခု ဖွင့်လှစ်ထားပြီး မသင်္ကာဖွယ်ကားတစ်စီးမောင်းပြေးသည်ကို လိုက်လံဖမ်းဆီးရာမှ မြန်မာနိုင်ငံသား များကိုတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
ထိုကားအား သောင်ဖာဖူမီမြို့နယ်၊ ဟင်ဒတ်မြို့၊ အမှတ် ၅ ကျေးရွာရှိ ကျွဲကောခြံတစ်ခြံအတွင်းတွင် ဖမ်းဆီးရမိခဲ့ပြီး ကားအတွင်းတွင် မည်သည့်စာရွက်စာတမ်းမှ မပါရှိသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၁ ဦးကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်သည်။
၎င်းတို့ကို သောင်ဖာဖူမီရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးမှူးထံ ပို့ဆောင်ကာ ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း အဝေးပြေးရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ ၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် Wang Prachop -Phran Kratai လမ်းမကြီးပေါ်၌ တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၇၁ ဦးကို အဖြူရောင် အလုံပိတ်ကား ၂ စီးပေါ်တွင် အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
စက်တင်ဘာလ ၂ ရက်နေ့ကလည်း ကန်ချနပူရီခရိုင်၊ဘန်ယန်ခေါင်းရွာအနီးတွင် တရားမဝင်ဝင်ရောက်သည့် မြန်မာအလုပ်သမား ၄၃ ဦးအား ဖမ်းဆီးခဲ့ကြောင်း တောင်ဝင်ထိုင်းစစ်တပ်က ထုတ်ပြန်သည်။
ထိုင်းသတင်းများ ဖော်ပြချက်အရ ဩဂုတ်လအတွင်း နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၉ဝဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။
Photo – အဝေးပြေးရဲတပ်ဖွဲ့
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes