ထိုင်းတွင် ရဲတစ်ဦးက ကြက်ဥရောင်းသည့် လင်မယားကိုပစ်သတ်ပြီး အဆုံးစီရင်

စက်တင်ဘာ ၆ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ပက်ချဘူရီပြည်နယ်ရှိ ဈေးတစ်ခုတွင် ယနေ့နံနက်၌ ကြက်ဥရောင်းချသည့် လင်မယားကို ရဲအရာရှိတစ်ဦး ပစ်သတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ကြက်ဥဈေးနူန်း အငြင်းပွားရာမှ ရဲအရာရှိတစ်ဦးက ကြက်ဥရောင်းချသည့် လင်မယားကိုပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းကဖော်ပြသည်။ ပစ်ခတ်မှုသည် ပက်ချဘူရီ ၊ 18-metre ဈေးအတွင်းရှိ ဆိုင်တစ်ဆိုင်တွင် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးစဉ်တွင် ဆိုင်အတွင်း၌ သေဆုံးနေသည့် အသက် ၃ဝ ကျော်အရွယ် လင်မယားကိုတွေ့ရှိခဲ့သည်။
နှစ်ဦးစလုံးသည် 9mm SIG Sauer P320 သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခံရသည့် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ကြက်ဥဆိုင်နှင့် ပေ ၂၀ လောက်အကွာရှိ ရုပ်ရှင်ရုံ ဟောင်းတွင် သေနတ်သမားဖြစ်သည့် ရဲတပ်ကြပ်ကြီး Somsak Permsap အား ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည့် အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြောင်း ၊ သေနတ်ကို သူ့၏ ညာဘက်လက်ထဲတွင် ကိုင်ထားဆဲ ဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့အဆိုအရ ရဲတပ်ကြပ်နှင့် ကြက်ဥရောင်းချသည့် လင်မယားကြားတွင် ကာလရှည်ကြာသည့်
စီးပွားရေး အငြင်းပွားမှုများရှိခဲ့သည်။ မျက်မြင်သက်သေများကလည်း ရဲတပ်ကြပ်သည် ကြက်ဥစျေးနှုန်းနှင့် ပတ်သက်ပြီး အဆိုပါလင်မယားနှစ်ဦးနှင့် တစ်နှစ်ကျော်ကြာ အငြင်းပွားမှုများ ရှိကြောင်းထွက်ဆိုကြသည်။
ကြက်ဥရောင်းချသည့် လင်မယားသည် ရဲတပ်ကြပ်နှင့်ပတ်သက်ပြီး ယခင်ကတင်းမာမှုများအား သက်ဆိုင်ရာထံ သတင်းပေးပို့ခဲ့သော်လည်း တရားဥပဒေအရ အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သတင်းကဖော်ပြသည်။
Photo – khaosod
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes
