Site icon Migrant Times

မလေးရှားရှိ KTV ဆိုင်တွင် မြန်မာအမျိုးသမီး ၂၁ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၈ ၊ Migrant Times ။

မလေးရှားနိုင်ငံ ၊ နီဂရီ ဆမ်ဘီလန်ပြည်နယ်၊ နီလိုင်းရှိ တော်ဝင်နန်းအမည်ရ မြန်မာကာရာအိုကေ (KTV) လုပ်ငန်းတစ်ခုကို စက်တင်ဘာလ ၆ ရက်နေ့ ညသန်းခေါင်ယံအချိန်၌ ဝင်ရောက်စီးနင်းခဲ့ပြီး ဝန်ဆောင်မှုပေးနေသည့်မြန်မာအမျိုးသမီး ၂၁ ဦးအားဖမ်းဆီးခဲ့ကြောင်း မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာန (JIM)ကထုတ်ပြန်သည်။

JIM ထုတ်ပြန်ချက်အရ နှစ်ပတ်ကြာ ထောက်လှမ်းထားသည့် သတင်းအချက်အလက်များအပေါ် အခြေခံ၍ KTV လုပ်ငန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး လုပ်ငန်းကို စီမံခန့်ခွဲသူဟု သံသယရှိသော မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့သည်။ ထို့ပြင် ဝန်ဆောင်မှု ပေးသူဟု သံသယရှိသော မြန်မာနိုင်ငံသား အမျိုးသမီး ၂ဝ ဦးလည်း ဖမ်းဆီးခံခဲ့ပြီး စုစုပေါင်း ၂၁ ဦးအား ဖမ်းဆီးခံခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုများအရ မြန်မာနိုင်ငံသား အမျိုးသမီး ၈ ဦးသည် ဗီဇာသက်တမ်းကုန်လွန်နေကြောင်း တွေ့ရှိရပြီး ကျန် ၁၃ ဦးတွင် တရားဝင် နေထိုင်ခွင့်စာရွက်စာတမ်းနှင့် အလုပ်ပါမစ်တစ်စုံတစ်ရာ မရှိကြောင်း JIM ကထုတ်ပြန်သည်။

ထို KTV ဆိုင်သည် သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့များတွင်သာ ဖွင့်လှစ်ပြီး မြန်မာနိုင်ငံသားဧည့်သည်များကိုသာ လက်ခံကြောင်း၊ ဧည့်သည်များသည် ဆိုင်အတွင်း ဝင်ရောက်ရန်အတွက် အရက်မှာယူရပြီး အမျိုးသမီးများ၏ ဖျော်ဖြေရေးဝန်ဆောင်မှုကို တစ်ဦးလျှင် မလေးရှားရင်းဂစ် ၁၅ဝ မှ ၂ဝဝ ( ၈ သောင်းကျပ်မှ ၁၂ဝ,ဝဝဝ ကျပ်ဝန်းကျင်) အထိပေး၍ ရယူနိုင်ကြောင်း ၊ ယခုလုပ်ငန်းသည် ၃ လခန့် လည်ပတ်နေပြီဟု ယူဆရကြောင်း JIM တာဝန်ရှိသူကပြောသည်။

ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားများကို အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် ပူထရာဂျာယာ လူဝင်မှုကြီးကြပ်ရေးရုံးသို့ ခေါ်ဆောင်သွားပြီး မြန်မာနိုင်ငံသား အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးကို စစ်ဆေးမှုများတွင် ကူညီရန်အတွက် ရုံးသို့လာရောက်ရန် အကြောင်းကြားစာ ထုတ်ပေးခဲ့ကြောင်း မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာန (JIM)မှထုတ်ပြန်သည်။

Photo – JIM

#Migranttime

#မလေးရှား

#မြန်မာ

#phuket

#malaysia

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

Exit mobile version