မဟာချိုင်တွင် မြန်မာလုပ်သား ၆ဝ နီးပါးထံမှ ဘတ်ငွေ ၃ သိန်းခန့်ကို ပွဲစားက လိမ်လည်သွား

စက်တင်ဘာ ၈ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် ၊ မဟာချိုင်ဒေသတွင် မြန်မာအလုပ်သမား ၆ဝ နီးပါးထံမှ စုစုပေါင်း ဘတ်ငွေ ၃ သိန်းခန့်ကို ပွဲစားမငယ်နှင့် သူမ၏အမျိုးသားဆိုသူက လိမ်လည်သွားကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ကထုတ်ပြန်သည်။
၂ဝ၂၅ ခုနစ် ၊ မေလ အစပိုင်းတွင် မဟာချိုင်ဒေသ၊ ဝေလ(ဝပ်ထောင်)လမ်းတွင်နေသည့် ပွဲစား မငယ်နှင့် သူမ၏အမျိုးသား(လူကြိုပေးသူ)တို့သည် Tiktok အကောင့်မှတဆင့် တစ်ခါသုံး ပလပ်စတစ်ခွက်ထုတ်လုပ်သော လုပ်ငန်းတွင်အလုပ်သမားလိုကြောင်း ဖော်ပြခဲ့သည်။
အလုပ်လာရောက်လျှောက်ထားကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အယောက် ၆ဝ နီးပါးထံမှ လူတစ်ဦးလျှင် ကျန်းခေါက်ခ(သူဌေးပြောင်းခ) နှင့်စမတ်ခ(ဝန်ဆောင်ခ) ဘတ် ၅ဝဝဝ စီတောင်းခဲ့သည်။ အလုပ်သမားများအား ပွဲစားလင်မယားမှ မေလ ၁၅ ရက်နေ့ နှင့် ၂ဝ ရက်နေ့များ တွင် အလုပ်လျှောက်လွှာဖြည့်ခိုင်းခဲ့ပြီး နောက်တစ်ပတ်၌ အလုပ်ဆင်းရမည်ဟုပြောဆိုခဲ့သော်လည်း အလုပ်မရရှိခဲ့ကြောင်း သိရသည်။
“အချို့အလုပ်သမားတွေကို ကြားပေါက်ရတဲ့အလုပ်လုပ်ခိုင်းခဲ့ပြီး အချို့က မလုပ်နိုင်တာတွေလဲရှိတယ်။ အလုပ်သမားတွေကတော့ သူတို့ပြောထားတဲ့အလုပ်ကိုပဲ လုပ်ချင်တယ်” ဟု လိမ်လည်မှုငွေကြေး ပြန်လည်ရရှိအောင် ကူညီပေးနေသည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ဝင် ကိုရှိန်းအောင်က Migrant Times ကိုပြောသည်။
ထိုပွဲစားလင်မယားသည် လက်ရှိအချိန်တွင် ထွက်ပြေးတိမ်းရှောင်နေပြီး ယနေ့ နံနက်တွင် လိမ်လည်ခံရသည့် မြန်မာအလုပ်သမား ၄၂ ဦးနှင့်အတူ WAG အဖွဲ့က မဟာချိုင်ရဲစခန်း၌ တိုင်ချင်ဖွင့်ထားကြောင်း သိရသည်။
“အမှုတော့မဖွင့်ရသေးဘူး။ အခုတိုင်ချက်စာရွက်နဲ့အတူ မြို့နယ်ကျဟာငန်း အလုပ်သမား ရုံးကတစ်ဆင့် သူ့သူဌေးကနေ ပူးပေါင်းဆောင်ရွက်ပြီးတော့ သူဗီဇာကို ရုပ်သိမ်းခိုင်းမယ်။ သူ့ကိုဖမ်းပြီးတော့ နယ်မြေခံရဲကနေတစ်ဆင့် လိမ်လည်မှုကိုတရားထပ်ဆွဲမယ်” ဟု ကိုရှိန်းအောင် ကပြောသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်စာရင်းအရ ထိုင်းနိုင်ငံတွင် တရားဝင် စာရင်းတင်ထားသည့် မြန်မာအလုပ်သမား ၂ သန်းကျော် အလုပ်လုပ်ကိုင်နေကြပြီး မဟာချိုင်ဒေသတွင် မြန်မာအလုပ်သမား ၂ သိန်းကျော် အလုပ်လုပ်ကိုင်နေသည်။
ဓာတ်ပုံ – WAG
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes