ထိုင်းတွင် အမျိုးသားတစ်ဦး ရေကြီးချိန် ဆိုင်ကယ်မောင်းရင်း မျောပါသေဆုံး

စက်တင်ဘာ ၉ ၊ Migrant Times ။
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နခွန်ရတ်ချာစီမာခရိုင်၊ ဖီမိုင်မြို့နယ်၊ ရန်ကာရိုင်ရပ်ကွက်၊ ဘန်ရန်ကာရိုင်တွင် ယမန်နေ့စက်တင်ဘာလ ၈ ရက်နေ့က ရေကြီးချိန်တွင် ဆိုင်ကယ်မောင်းခဲ့သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ရေထဲမျောပါသွားကာ သေဆုံးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ရေကြီးမှုကြောင့် လမ်းမများ ရေလွှမ်းမိုးခဲ့ချိန်တွင် ယင်းအမျိုးသားသည် ဖီမိုင်ဆမ်မတ်ကီးကျောင်းအနီးရှိ ရေမြောင်းပိုက်ထဲသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့၌ ရေကျသွားချိန်တွင် ၎င်း၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးသမားများကပြောသည်။
ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခန့်ကလည်း ထိုင်းနိုင်ငံ ၊ စမွတ်ပရာကန်တွင် အသက် ၁၇ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးသည် ရေကြီးနေသည့်လမ်းပေါ်တွင် ဆိုင်ကယ်တွန်းသွားရင်း လျှပ်စစ်ဝိုင်ယာကြိုးရှိသည့် ကွန်ကရစ်တုံးကိုကိုင်မိရာက ဓာတ်လိုက် သေဆုံးခဲ့သည်။
ထိုင်းနိုင်ငံတွင် မိုးသည်းထန်မှုကြောင့် စက်တင်ဘာ ၈ ရက်နေ့တွင် ဘန်ကောက်မြို့အနီးရှိ စမွတ်ပရာကန်၊ ပတ္တရားမြို့နှင့် လရောင်မြို့နယ်များရှိ လမ်းအချို့ရေလွှမ်းမိုးခဲ့သည်။
ဓာတ်ပုံ – Khaosod
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes
