Site icon Migrant Times

သက်ဆင်ကို ထောင်ဒဏ်တစ်နှစ် ပြန်ကျခံရန် အမိန့်ချ

စက်တင်ဘာ ၉ ၊ Migrant Times ။

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝါထရာကို ယနေ့ စက်တင်ဘာ ၉ ရက်နေ့တွင် တရားရုံးချုပ်၏ နိုင်ငံရေးရာထူးတာဝန်ထမ်းဆောင်သူများဆိုင်ရာ ရာဇဝတ်မှုဌာနခွဲက “ရဲဆေးရုံ ၁၄ လွှာ” အမှုနှင့်ပတ်သက်ပြီး ထောင်ဒဏ်တစ်နှစ် ပြန်ကျခံရန် အမိန့်ချခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ယမန်နေ့တွင် ဒူဘိုင်းမှပြန်လာပြီးနောက် ယနေ့ နံနက်တွင် “ရဲဆေးရုံ ၁၄ လွှာ” အမှုနှင့်ပတ်သက်ပြီး တရားရုံးသို့လာရောက်ခဲ့သည်။

သက်ဆင်သည် မူလက အဂတိလိုက်စားမှု ၃ မှုအတွက် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရသူဖြစ်သည်။ နောက်ပိုင်းတွင် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ဒဏ် တစ်နှစ်သို့ လျှော့ချခံခဲ့ရသည်။ သို့သော် သက်ဆင် အကျဉ်းထောင်တွင် တစ်ညတာမျှ အမှန်တကယ်နေခဲ့ဖူးခြင်း ရှိ၊မရှိ မေးခွန်းများ ပေါ်ပေါက်လာခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့ညတွင်၊ ရုတ်တရက် ဆေးဘက်ဆိုင်ရာအရေးပေါ်အခြေအနေကြောင့် ဘန်ကောက်အကျဉ်းထောင်မှ “ရဲဆေးရုံ ၁၄ လွှာ” သို့ ပြောင်းရွှေ့ခဲ့ရပြီး လွတ်မြောက်လာချိန်အထိ ထိုနေရာတွင် ရှိနေခဲ့သည်။ ထို့နောက် ဆေးကုသမှုခံယူခွင့်အကြောင်းပြကာ အကျဉ်းထောင်သို့ ပြန်မသွားဘဲနေထိုင်ခဲ့သည်။

ထို့နောက် သက်ဆင်သည် ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြုပြင်ရေးဦးစီးဌာန၏ စည်းမျဉ်းများအရ “အထူးလွတ်ငြိမ်းချမ်းသာခွင့်” နှင့် ကိုက်ညီပြီးနောက် ရဲဆေးရုံမှ လွတ်မြောက်လာခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သက်ပြီး သက်ဆင်၏ နောက်ဆုံးပြစ်ဒဏ်ကို အတည်ပြုရန်နှင့် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း ဆေးကုသမှုခံယူခဲ့ခြင်းရှိမရှိကို တရားရုံးကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တရားရုံးက သက်ဆင်နှင့် ဘန်ကောက်အကျဉ်းထောင် အကြီးအကဲနှစ်ဦးစလုံးအား ယနေ့တွင် တရားရုံးသို့ ကိုယ်တိုင်လာရောက်ရန် အမိန့်ပေးခဲ့သည်။ နောက်ဆုံးစီရင်ချက်တွင် တရားရုံးချုပ်က သက်ဆင်အား ၎င်း၏ ထောင်ဒဏ်တစ်နှစ်ကို ပြန်လည်ကျခံရန် အမိန့်ချခဲ့ကြောင်း ထိုင်းနေးရှင်းသတင်းကဖော်ပြသည်။

ဓာတ်ပုံ – Khaosod

#Migranttime

#သင်ဆင်

#ထိုင်း

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

Exit mobile version