မလေးရှားတွင် မြန်မာနိုင်ငံသား ၄၁ ဦး ထပ်မံဖမ်းဆီးခံရ

စက်တင်ဘာ ၉ ၊ Migrant Times ။

မလေးရှားနိုင်ငံ ၊ ဆလန်ဂေါ (Selangor)ပြည်နယ် ၊ ပူချုန်ရှိ အစားအသောက်ဆိုင်တန်းတစ်ခုတွင် မြန်မာနိုင်ငံသား ၄၁ ဦး အပါအဝင် နိုင်ငံခြားသား ၅၅ ဦးကို စက်တင်ဘာလ ၈ ရက်နေ့ကဖမ်းဆီးခဲ့ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာန-JIM ကထုတ်ပြန်သည်။

ပူချုန်မြို့ရှိ အစားအသောက်ဆိုင်တန်းတစ်ခုတွင် ယမန်နေ့ ညနေ ၆:၃၀ မှ ၇:၃၀ အထိ စီးနင်းရှာဖွေခဲ့ပြီး နိုင်ငံခြားသား ၆၀ ဦးနှင့် ပြည်တွင်းနိုင်ငံသား ၂၇၄ ဦး စုစုပေါင်း ၃၃၄ ဦးကို စစ်ဆေးခဲ့ကြောင်း JIM ကဆိုသည်။

စစ်ဆေးမှုရလဒ်အရ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုအမျိုးမျိုးကြောင့် နိုင်ငံခြားသား ၅၅ ဦးကို ထိန်းသိမ်းခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသား ၇ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁ ဦး၊ မြန်မာနိုင်ငံသား ၄၁ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၃ ဦးတို့ ဖြစ်ကြောင်းသိရသည်။

ထိန်းသိမ်းခံရသူအားလုံးကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန် ဘီရာနန် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာန-JIM ကထုတ်ပြန်သည်။

မလေးရှားနိုင်ငံတွင် စက်တင်ဘာလ ၆ ရက်နေ့ ညသန်းခေါင်ယံအချိန်ကလည်း နီဂရီ ဆမ်ဘီလန်ပြည်နယ်၊ နီလိုင်းရှိ တော်ဝင်နန်းအမည်ရ မြန်မာကာရာအိုကေ (KTV) လုပ်ငန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ဝန်ဆောင်မှုပေးနေသည့်မြန်မာအမျိုးသမီး ၂၁ ဦးအားဖမ်းဆီးခဲ့ကြောင်း မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာန (JIM)ကထုတ်ပြန်သည်။

Photo – JIM

#Migranttime

#မလေးရှား

#မြန်မာ

#phuket

#malaysia

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

Similar Posts