ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည်များအား အောက်တိုဘာလ ၁ ရက်ကစပြီး အလုပ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ သီရရတ်ဆမ်ရက်ဝါနစ်က စက်တင်ဘာလ ၉ ရက်နေ့တွင်ပြောကြားသည်။
ထိုင်းအစိုးရသည် ၂ဝ၂၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် ကက်ဘိနက်အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း နယ်စပ် ယာယီခိုလှုံရာစခန်းများ၌ ၄၁ နှစ်ကျော်ကြာ နေထိုင်ခဲ့ကြသည့် မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်လာသူများကို ပထမဆုံးအကြိမ်အဖြစ် တရားဝင်အလုပ်လုပ်ကိုင်ခွင့် ပေးလိုက်ခြင်းဖြစ်သည်။
ယာယီခိုလှုံရေးစခန်းမှ မြန်မာဒုက္ခသည်များသည် အောက်ပါ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အတိုင်း အလုပ်လုပ်ကိုင်ရန်လျှောက်ထားနိုင်ကြောင်း ထိုင်းအစိုးရကထုတ်ပြန်သည်။
၁။ ခရိုင်အုပ်ချုပ်ရေးမှူး (သို့မဟုတ်) လက်ထောက်အုပ်ချုပ်ရေးမှူးထံမှ ထိန်းချုပ်ထားသည့် ဧရိယာပြင်ပသို့ ထွက်ခွာခွင့်တောင်းခံခြင်း။
၂။ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့်အတိုင်း ကျန်းမာရေးစစ်ဆေးမှုခံယူပြီး နိုင်ငံခြားသားလုပ်သားများအတွက် ကျန်းမာရေးအာမခံစနစ်တွင် ဝင်ရောက်ခြင်း။
၃။ သတ်မှတ်ထားသည့် စာရွက်စာတမ်းတွေအပြည့်အစုံဖြင့် အီလက်ထရောနစ်နည်းလမ်းဖြင့် အလုပ်လုပ်ခွင့်လျှောက်လွှာတင်သွင်းခြင်း။ အခကြေးငွေ ဘတ် ၁ဝဝ ပေးဆောင်ရမှာဖြစ်ပြီး ပထမဆုံးအကြိမ် ခွင့်ပြုချက်အတွက် အခကြေးငွေ ကင်းလွတ်ခွင့်ရရှိမှာဖြစ်သည်။
၄။ နိုင်ငံခြားသားများ လုပ်ခွင့်မရှိသည့် အလုပ်အမျိုးအစားများကို ချန်လှပ်ပြီး မည်သည့်အလုပ်ကိုမဆို လုပ်ကိုင်ခွင့်ရှိကာ သက်တမ်း ၁ နှစ်ထက်မပိုသည့် အလုပ်လုပ်ခွင့်လက်မှတ် ရရှိမည်ဖြစ်ကြောင်းထုတ်ပြန်သည်။
အလုပ်သမားဝန်ကြီး Phongkwin အဆိုအရ အလုပ်လုပ်ခွင့်ပေးမည့်သူများတွင် မယ်ဟောင်ဆောင်၊ တက်ခ်၊ ကန်ချနာဘူရီ၊ ရာချဘူရီပြည်နယ် ၄ ခုတွင်ရှိသည့် ယာယီခိုလှုံရာစခန်း ၉ ခုစလုံးမှ မြန်မာဒုက္ခသည်များပါဝင်သည်။
ယာယီခိုလှုံရာစခန်းများမှ သက်တမ်း ၁ နှစ်ထက်မပိုသည့် အလုပ်လုပ်ခွင့်လက်မှတ် ရရှိသူမည်သူမဆို ထိုင်းနိုင်ငံတွင် နိုင်ငံခြားအလုပ်သမားများအတွက် တားမြစ်မထားသည့် ကဏ္ဍအားလုံး၌ အလုပ်ရှင်များနှင့် အတူ အလုပ်လုပ်နိုင်သည်။
မဲဆောက်မြို့နယ် ၊ အုန်းဖြန် ဒုက္ခသည်စခန်းတွင် နေထိုင်နေသူတစ်ဦးကလည်း နိုင်ငံတကာ အကူအညီမရရှိတော့သည့်အတွက် ဇူလိူင်လကစပြီး စခန်း၌လူတစ်ဦးလျှင် လစဉ်ထောက်ပံ့နေသည့် ၃၂၄ ဘတ် မရရှိတော့ကြောင်း ၊ထိုင်းအစိုးရ၏ အလုပ်လုပ်ခွင့်ပေးခြင်းကို မျှော်လင့်ကြောင်း Migrant Times ကိုပြောကြားသည်။
အလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Somchai Morakotsriwan ကလည်း ထိုင်းနိုင်ငံ၏ ယာယီခိုလှုံရာစခန်း ၉ ခုမှ မြန်မာဒုက္ခသည်ပေါင်း ၈ဝ,ဝဝဝ ကျော်အနက် ၄၂,ဝဝဝ ခန့် သည်အလုပ်လုပ်ကိုင်မှုတွင် အကျုံးဝင်ကြောင်းပြောကြားသည်။
အလုပ်အကိုင်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ ထိုင်းနိုင်ငံတွင် တရားဝင် ခွင့်ပြုထားသည့် နိုင်ငံခြားအလုပ်သမား ၄,၀၇၁,၆၁၇ ဦး ရှိသည်။ ထိုအထဲတွင် ကျွမ်းကျင်အလုပ်သမားများ- ၁၉၇,၄၆၁ ဦး၊ တိုင်းရင်းသားလူနည်းစုများ- ၉၉,၄၃၇ ဦး၊ နယ်စပ်ဖြတ်ကျော်/ရာသီအလိုက်အလုပ်သမားများ- ၄၂,၂၇၄ ဦး (ကမ္ဘောဒီးယား ၃၇,၀၄၃ ဦး၊ မြန်မာ ၅,၂၃၁ ဦး)၊ MOU သဘောတူညီချက်အလုပ်သမားများ- ၆၈၇,၄၀၅ ဦး (ကမ္ဘောဒီးယား ၁၇၈,၂၄၀ ဦး၊ မြန်မာ ၂၄၈,၃၂၀ ဦး၊ လာအို ၂၆၀,၈၄၅ ဦး)တို့ပါဝင်သည်။
မကြာသေးမီက အလုပ်သမား ၂,ဝ၂၉,ဝဝဝ ဦးသည် ခွင့်ပြုချက်အတွက် လျှောက်ထားခဲ့ပြီး ယင်းတို့အနက် ၁၈၀,၂၈၈ ဦးကို အတည်ပြုပြီး ကမ္ဘောဒီးယား ၁၉,၃၃၃ ဦးနှင့် မြန်မာ ၁,၈၂၉,၃၇၉ ဦးကို ဆိုင်းငံ့ထားဆဲဖြစ်ကြောင်း အလုပ်အကိုင်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ထိုင်းနယ်စပ် တာ့ခ်ခရိုင်ရှိ မယ်လ ဒုက္ခသည်စခန်း။ (Photo: UNHCR)
(ဆက်စပ်သတင်း)
အုန်းဖျန် ဒုက္ခသည်စခန်းမှာ ၁၅ နှစ်နီးပါးနေထိုင်နေတဲ့ ကရင်တိုင်းရင်းသူ နဲ့ Migrant Times ဆက်သွယ်မေးမြန်းချက်။
https://www.facebook.com/migranttimes/videos/803728515661486