ဘန်ကောက်နှင့် စမွတ်ပရာကန်နေရာအချို့ကို ခွေးရူးပြန်ရောဂါ ကူးစက်ဇုန်အဖြစ် အရေးပေါ်ကြေညာ

ထိုင်းနိုင်ငံ ဘန်ကောက်နှင့် စမွတ်ပရာကန်ရှိ အချို့သောနေရာများကို ခွေးရူးပြန်ရောဂါ ယာယီကူးစက်ဇုန်အဖြစ် အရေးပေါ် ကြေညာခဲ့ပြီး ခွေး၊ ကြောင်နှင့် အခြားနို့တိုက်သတ္တဝါများ ရွှေ့ပြောင်းခြင်းကို ရက် ၃ဝ ပိတ်ပင် လိုက်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

ဘန်ကောက်၊ ဖရာဝတ်ခရိုင်၊ နွန်ဘွန်ရပ်ကွက်တွင် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုများ တွေ့ရှိပြီးနောက် တိရစ္ဆာန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဌာနကထုတ်ပြန်ခြင်းဖြစ်သည်။

ခွေးရူးပြန်ရောဂါသည် လူ၊ ခွေး၊ ကြောင်၊ နွား၊ ကျွဲနှင့် အခြားနို့တိုက်သတ္တဝါများထံ ကူးစက်နိုင်သည့် အန္တရာယ်ရှိသောခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားပြီး စက်တင်ဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ ထိုနေရာများတွင် အရေးပေါ်စောင်ကြည့်ရေးဇုန်အဖြစ်သတ်မှတ်ထားကြောင်းထုတ်ပြန်သည်။

သတ်မှတ်ထားသည့်ဇုန်အတွင်း တိရစ္ဆာန်ဆေးကုဆရာဝန်၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ခွေး၊ ကြောင် သို့မဟုတ် ၎င်းတို့၏ အသေကောင်များကို အပြင်သို့ ရွှေ့ပြောင်းခြင်းမပြုရန်၊ တိရစ္ဆာန်ပိုင်ရှင်များသည် ဖျားနာသော တိရစ္ဆာန်များကို ၁၂ နာရီအတွင်း အာဏာပိုင်များထံ သတင်းပို့ရန်နှင့်

သေဆုံးသွားသော တိရစ္ဆာန်များကို တိရစ္ဆာန်ဆေးကုဆရာဝန်များထံ အကြောင်းမကြားမချင်း သေဆုံးသည့်နေရာတွင်သာ ထားရှိရန်ကြေညာထားသည်။

တိရစ္ဆာန်ပိုင်ရှင်များသည် တရားဝင်တိရစ္ဆာန်ဆေးကုဆရာဝန်မှ ထုတ်ပြန်သော အမိန့်အားလုံးကို တင်းတင်းကျပ်ကျပ်လိုက်နာရမည်ဖြစ်ပြီးလိုက်နာရန် ပျက်ကွက်သူ မည်သူမဆို ထောင်ဒဏ် နှစ်နှစ်အထိ၊ ဘတ် ၄၀,၀၀၀ ထက်မပိုသော ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်ကြောင်းထုတ်ပြန်သည်။

ဘန်ကောက် တိရစ္ဆာန်ဆေးကု ပြည်သူ့ကျန်းမာရေးရုံး၏ ခွေးရူးပြန်ရောဂါ ထိန်းချုပ်ရေးယူနစ်ကလည်း ဘန်ကောက်၊ ဖရာဝတ်ခရိုင်၊ နွန်ဘွန်ရပ်ကွက်၊ ချလမ်ဖရာကီယက် ရာမ ၉ ဆွိုင် ၄၉ တွင် ခွေးရူးပြန်တိရစ္ဆာန်များကို တွေ့ရှိပြီးနောက် သတိပေးချက် ထုတ်ပြန်ထားသည်။။

အဆိုပါဧရိယာနှင့် ငါးကီလိုမီတာ ပတ်လည်ရှိ အနီးနားပတ်ဝန်းကျင်မှ နေထိုင်သူများကို အထူးသတိထားရန် တိုက်တွန်းထားသည်။ အာဏာပိုင်များက အဆိုပါနေရာများရှိ အိမ်မဲ့တိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန် နေထိုင်သူများကို အကြံပြုထားသည်။

Photo – The Nation

Migrant Times

Similar Posts