Site icon Migrant Times

ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၃ ဦး ရေနစ်သေဆုံး

ထိုင်းနိုင်ငံ ၊ကန်ချနဘူရီပြည်နယ်၊ စံခနပူရီရှိဒေသရှိ ရေလှောင်တမံတစ်ခုတွင် ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦး (အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး)၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်းထိုင်းသတင်းကဖော်ပြသည်။

ဒေသခံများသည် ယမန်နေ့ ရုပ်အလောင်းများ တွေ့ရှိခဲ့ပြီး ထိုင်းအာဏာပိုင်များထံ အကြောင်းကြားခဲ့သည်။

ထိုင်းအာဏာပိုင်များအဆိုအရ သေဆုံးသူ ၃ ဦးသည် စက်တင်ဘာလ ၉ ရက်နေ့ည၌ တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် မြန်မာအလုပ်သမား ၂၂ ဦးအနက်မှ ဖြစ်နိုင်ကြောင်းသိရသည်။

မြန်မာအလုပ်သမားများအား လူမှောင်ခိုသမားများက ဝါဂျီရာလောင်ကွန်းဆည်ရေလှောင်တမံကို ဖြတ်ကျော်၍ ထောင်းဖဖုံခရိုင်ကမ်းခြေဘက်သို့ လှေဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း၊ ဖြတ်သန်းစဉ်အတွင်း လှေသည် ရေအောက်ရှိ သစ်ငုတ်ကို တိုက်မိခဲ့ပြီး အလုပ်သမား ၃ ဦး ရေထဲသို့ ပြုတ်ကျကာ ရေလှောင်တမံရေပြင်တွင် နစ်မြုပ်သေဆုံးခဲ့ခြင်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ၊ ကန်ချနာဘူရီခရိုင်၊ လောင်းခွမ်မြို့နယ် ၊နောင်မဆန်ခ်ရွာအနီး ကြံစိုက်ခင်းအတွင်း ပုန်းအောင်းနေသည့် တရားမဝင် ဝင်ရောက်လာလာသော မြန်မာအလုပ်သမား ၅၆ ဦးအား အုပ်ချုပ်ရေးမှူးအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများကဖော်ပြသည်။

ထိုင်းသတင်းများ ဖော်ပြချက်အရ ဩဂုတ်လအတွင်း နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၉ဝဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။

Photo – Khaosod

Exit mobile version