မြန်မာ ၇၀၀ ဦး ကို ဆယ်နှစ်ခံကဒ်ထုတ်ပေးခဲ့တဲ့ ထိုင်းအစိုးရဝန်ထမ်း ၃ ဦးကို အပြစ်ပေး
ဇွန် ၂၀ ရက်
ရန်၊ Migrant Times
- မဲဆောက်မြို့နယ်စည်ပင်သာယာရေးရုံးမှာ မြန်မာ ၇၀၀ ဦး ကို ထိုင်းနိုင်ငံထဲ တရားဝင်နေထိုင်ခွင့်အထောက်အထားတစ်ခုဖြစ်တဲ့ ဆယ်နှစ်ခံကဒ် သို့မဟုတ် တောင်ပေါ်သားကဒ်ကို အခကြေးငွေများစွာရယူပြီး ထုတ်ပေးခဲ့တဲ့ ထိုင်းဝန်ထမ်း ၃ ဦးကို အလုပ်နေရာရွှေ့ပြောင်းခြင်းဖြင့် အပြစ်ပေးခဲ့တယ်လို့ ထိုင်း Matichon သတင်းဌာနက ဖော်ပြပါတယ်။မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ တာ့ခ်ခရိုင်၊ မဲဆောက်မြို့စည်ပင်သာယာရေးရုံးမှာ အလုံးအရင်းနဲ့ မြန်မာလူမျိုးတွေကို ဆယ်နှစ်ခံကဒ်ထုတ်ပေးနေတဲ့ သတင်းများပေါက်ကြားပြီးနောက် မဲဆောက်မြို့စည်ပင်ဥက္ကဌ မစ္စတာ Prasert Puangkhon ကစစ်ဆေးကာ ပြည်သူ့စာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားထုတ်ပေးတဲ့ရုံးခန်းက အစိုးရဝန်ထမ်း ၃ ဦးကို အလုပ်နေရာရွှေ့ပြောင်းခြင်းဖြင့် အပြစ်ပေးခဲ့တယ်လို့ သိရပါတယ်။
- ဆယ်နှစ်ခံကဒ်ရရှိသွားတဲ့ မြန်မာ ၇၀၀ဦး ထဲမှာ နိုင်ငံရေးအခြေအနေတွေကြောင့် ထိုင်းနိုင်ငံမဲဆောက်ဘက်ခြမ်းမှာ လာရှောင်နေသူများနဲ့ သာမန်သူများလည်းပါရှိကြောင်း ဆိုပါတယ်။ အဲဒီအထောက်အထားတစ်ခုရှိဖို့အတွက် လာဘ်ထိုးခ ဘတ်လေးသောင်းမှ ဘတ်တစ်သိန်းအထိ ပေးရတယ်လို့ဆိုပါတယ်။ သတင်းများရဲ့ဖော်ပြချက်အရ မဲဆောက်စည်ပင်ရုံးက ကဒ်ထုတ်ပေးသူ ထိုင်းအစိုးရဝန်ထမ်းတွေက ဆယ်နှစ်ခံကဒ်ထုတ်ပေးခ ဘတ်သန်းပေါင်းသုံးဆယ်ခန့်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
- တစ်ရက်ကို သူတို့ရုံးခန်းမှာ မြန်မာလူမျိုးတွေကို သုံးလအတွင်း တစ်နေ့ကို ၁၅ ဦးကနေ ၂၀ ဦးအထိ အလုံးအရင်းနဲ့ပြုလုပ်ပေးနေလို့ အကြောင်းအမျိုးမျိုးကြောင့် စည်ပင်ရုံးမှာလာပြီး နိုင်ငံသားစိစစ်ရေးကဒ်ကိစ္စနဲ့ လာရောက်ဆက်သွယ်တဲ့ ထိုင်းလူမျိုးများက အချိန်ကြာမြင့်စွာစောင့်ဆိုင်းရကြောင်း ပြောပါတယ်။အဆိုပါကိစ္စကို ထိုင်းလူမျိုးများနဲ့ ဌာနဆိုင်ရာကလူတစ်ချို့ သိရှိပြီး တာ့ခ်ခရိုင်မှူးထံ တိုင်ကြားပြီးနောက် သက်ဆိုင်ရာဌာနက တာဝန်ရှိသူတွေကို စေလွှတ်ပြီး သွားရောက်စစ်ဆေးခိုင်းခဲ့တယ်လို့ သိရပါတယ်။စစ်ဆေးတွေ့ရှိချက်တချို့မှာ မြန်မာနိုင်ငံသားတွေကို ဆယ်နှစ်ခံကဒ်လုပ်ပေးဖို့ဆောင်ရွက်ပေးတဲ့သူရဲ့ အိမ်ထောင်စုစာရင်းကိုစစ်ဆေးရာမှာ အဲဒီသူရဲ့အိမ်ထောင်စုစာရင်းထဲ ကဒ်လုပ်သူ အယောက် တစ်ရာနီးပါး ထည့်သွင်းထားတယ်လို့ တွေ့ရှိခဲ့ပါတယ်။