ထိုင်းနယ်စပ် စစ်ရှောင်များအတွက် FED နှင့်မိတ်ဖက်အဖွဲ့များက ပစ္စည်းလှူ

ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်စပ်အနီးတွင် ဇူလိုင်လ ၂၄ ရက်တွင်ဖြစ်ပွားခဲ့သည့် စစ်ပွဲကြောင့် ဒေသခံ ပြည်သူ ၁ သိန်းကျော်သည် တိုက်ပွဲလွတ်ရာ နေရာများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။
နှစ်နိုင်ငံအပြန်အလှန်ပစ်ခတ်မှုများကြောင့် နယ်စပ်အနီးနေထိုင်သူများသည် ဘေးလွတ်ရာသို့ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးခဲ့ကြရသည်။
ဇူလိုင်လ နှောင်းပိုင်းတွင် တိန်းရှောင်လာသည့် စစ်ဘေးရှောင်များအား ဒေသခံများက ကူညီမှုများပေးခဲ့ကြသည်။
“မူလတန်း ကလေးတစ်ဦးဆို သုံးဘီးတစ်စီးနဲ့ သူရဲ့ သက်ကြီးရွယ်အိုအဖိုးအဖွားတွေတင်ပြီး ကျမတို့ဆီရောက်လာတယ်။ သူတို့ ကြောက်အားလန့်အားနဲ့ အသက်လုပြီး ထွက်ပြေးလာခဲ့တာ ဘာမှ ယူလာချိန်မရခဲ့ဘူးဆိုပြီး ပြောတော့ စိတ်မကောင်းတကယ်ဖြစ်ရတယ်”ဟု လူမှုအကျိုးပြုလုပ်ငန်းများ ကူညီဆောင်ရွက်နေသူ ကေစ်ဆာနီ ဆူးရမ်က Migrant Times ကိုပြောသည်။
ကေစ်ဆာနီ ဆူးရမ်သည် ဒေသတွင်းလွတ်တော်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ နယ်စပ်အနီးနေထိုင်သူများသည် သေနတ်သံ၊ဗုံးသံများ ဆက်တိုက်ကြားခဲ့ရသည့်အတွက် ရုပ်ပိုင်း ဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခဲ့ကြောင်း သူမက ဆက်ပြောသည်။
“အထူးသဖြင့် ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေအတွက် အတော်ခက်ခဲခဲ့တယ်။ အဲ့ဒါကြောင့် စစ်ရှောင် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အကြံပေးအဖွဲ့နဲ့အတူ ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ဖြစ်အောင် ပန်းချီအနုပညာနဲ့ စိတ်ပိုင်းဆိုင်ရာသက်သာအောင်ကူညီပေးဖြစ်တယ်”ဟု ကေစ်ဆာနီကဆိုသည်။
ဇူလိုင်လ ၂၄ ရက်တွင်ဖြစ်ပွားခဲ့သည့် ထိုင်းနှင့်ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲများသည် နှစ်နိုင်ငံခေါင်းဆောင်များ မလေးရှားနိုင်ငံတွင် တွေ့ဆုံဆွေးနွေးပြီးနောက် ဩဂုတ်လ ၂၈ ရက်ညသန်းခေါင်ယံချိန်တွင် ရပ်ဆိုင်းခဲ့သည်။
နှစ်နိုင်ငံအပစ်ရပ်သဘောတူပြီး ၁၁ ရက်မြောက်နေ့ သြဂတ်လ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံနယ်စပ် အီဆန်ဒေသ ဆူရင်ပြည်နယ်ရှိ (ကပ်ဆွိုင်၊ဖနုံဒုံရတ်၊ပါရာဆတ်)မြို့နယ်သုံးခုအား ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနှင့်ဖွင့်ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)က ဦးဆောင်ကာ စိတ်ခွန်အားပေး ပစ္စည်းလှူခရီးအား မိတ်ဖက်အဖွဲ့အစည်းများဖြင့် သွားရောက်လှူဒါန်းခဲ့ကြသည်။
စာရင်းအရ ထိုင်းနိုင်ငံ၊ ဆူရင်ပြည်နယ်တွင် ဒုက္ခသည်စခန်း ၁၂၂ ခုရှိပြီး ဒုက္ခသည် ၅၃,၃၁၂ ဦး ရှိနေသည်။
ထိုခရီးစဉ်သည် ပစ္စည်းများကူညီထောက်ပံ့ခြင်းထက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးကူညီရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း ပညာရေးနှင့်ဖွင့်ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း- FED ၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောကြားသည်။
“ထိုင်းအစိုးရအနေနဲ့အပြည့်အဝ ထောက်ပံ့မှုမျိုးတွေ လုပ်ပေးထားမယ်ဆိုတာ ယုံကြည်တယ်။ သို့သော် ကျနော်တို့အနေနဲ့ ပစ္စည်းတွေသွားရောက်လှူဒါန်းတာထက် စစ်ဘေးရှောင်မိသားစုတွေကို တတ်နိုင်သလောက် စိတ်ဓာတ်ခွန်အားပေးချင်တဲ့ ဆန္ဒအရ ဒီခရီးကိုစီစဉ်ဖြစ်ခဲ့တယ်”ဟုသူကပြောသည်။
သြဂတ်လ ၈ ရက်နေ့ ခရီးစဉ်တွင် Migrant Times ကလည်းလိုက်ပါခဲ့ပြီး မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ အစာခြောက်များ၊ အရေးပေါ်ဆေးဝါး ပစ္စည်းများ နှင့် ကလေးငယ်များအတွက် စိတ်ခွန်အားပေး ကစားစရာပစ္စည်းများ ပါဝင်လှူဒါန်းခဲ့သည်။
ထိုပစ္စည်းများအား ဖန်းငခရိုင် ခေါက်လတ်တိုက်နယ်ရှိ ပစ္စည်းအလှူလက်ခံရာနေရာသုံးခုမှ အများပြည်သူလှူဒါန်းသည့် ပစ္စည်းများအပြင် ကော့တောင်မြန်မာကွန်မြူနတီ (KTMC)၊အလုပ်သမားမဟာမိတ်အဖွဲ့ (WAG)နှင့် သံလွင်ခတ် (Media) တို့မှ ပူးပေါင်းပါဝင် ကူညီခဲ့ကြသည်။
ထိုင်းအစိုးရအနေဖြင့် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များနှင့် အရပ်ဖက် လူမှုအကျိုးပြု အဖွဲ့အစည်းများ ပူးပေါင်း၍ ထွက်ပြေးတိမ်းရှောင်လာရသည့် မိသားစုများအတွက် အစားအစာနှင့် နေရာထိုင်ခင်း စီစဉ် ပေးထားသည်ကိုတွေ့ရသည်။
နယ်စပ်မှာရှိသည့် ထိုင်းစစ်ဘေးရှောင်များအား မြန်မာအလုပ်သမားများ အကူညီပေးနေသည့် FED ဖောင်ဒေးရှင်းမှချိတ်ဆက်ပြီး လာရောက်ကူညီလှူဒါန်းသည့်အတွက် ကျေးဇူးတင်ကြောင်း လူမှုအကျိုးပြုလုပ်ငန်းအဖွဲ့များကိုယ်စား ဒေသတွင်းလွတ်တော်အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ကေစ်ဆာနီ ဆူးရမ်ကပြောကြားခဲ့သည်။
Photo – Migrant Times / FED