ဩဂုတ် ၂၉ ၊ Migrant Times ။
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် သေနတ်ပစ်ပြခဲ့သည့် ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်ပေါ်တင်ခဲ့သည့်မြန်မာနိုင်ငံသားနှင့် နောက်ထပ်မြန်မာနိုင်ငံသား တစ်ဦးတို့ကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကယနေ့ဖော်ပြသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၇ ရက်တွင် လူမှုကွန်ရက်ပေါ်၌ မြန်မာနိုင်ငံသားတစ်ဦး သေနတ်ပစ်ခတ်နေသည့်ဗီဒီယိုဖိုင် ပျံ့နှံ့နေပြီး ဗီဒီယိုပါနေရာသည် ဖူးခက်မြို့၊ ရပ်ဆဒါမြို့နယ်ခွဲ၊ ဒီရေတောထဲတွင် သေနတ်ပစ်နေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကတွေ့ရှိခဲ့သည်။
ရဲတပ်ဖွဲ့က CCTV ကင်မရာများမှတစ်ဆင့် သေနတ်ပစ်ခတ်ပြီး ထွက်သွားသူ၏ ဆိုင်ကယ်နံပါတ်ကို သိရှိပြီးနောက်တွင် ချလောင်းမြို့နယ်ခွဲရှိအိမ်တွင် ငှားရမ်းနေထိုင်သည့် မြန်မာနိုင်ငံသားကိုဖမ်းဆီးနိုင်ခဲ့သည်။
ရဲတပ်ဖွဲ့က အသက် ၃၄ နှစ်ရှိ မြန်မာနိုင်ငံသားကိုဖမ်းဆီးစဉ်တွင် အသက် ၃၂ နှစ်ရှိ အခြားမြန်မာနိုင်ငံသားတစ်ဦးကိုပါတွေ့ရှိပြီး အခန်းအတွင်း၌ ရှာဖွေရာ စိတ်ကြွဆေးပြား၊ ရေခဲ၊ သေနတ်၊ ကျည်ဆံနှင့် ငွေသားများကိုတွေ့ရှိကြောင်း ထုတ်ပြန်သည်။
၎င်းတို့ ၂ ဦးကို ဖူးခက်မြို့နယ်ရဲစခန်းသို့ စစ်မေးရန်ခေါ်ဆောင်ခဲ့ပြီး မြန်မာတစ်ဦးသည်
ဒီရေတော၌ သေနတ်ပစ်လေ့ကျင့်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါးမှာ ချလောင်းမြို့နယ်ခွဲရှိ မြန်မာနိုင်ငံသားများအား ရောင်းချရန်ဖြစ်ပြီး သေနတ်အား ကိုယ်နှင့်မကွာ ဆောင်ထားရန် ဝယ်ယူထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့သည်။
ရဲတပ်ဖွဲ့က သေနတ်ပိုင်ရှင် မြန်မာတစ်ဦးကို ခွင့်ပြုချက်မရှိဘဲ သေနတ်ကို လက်ဝယ်ထားရှိခြင်း၊ နေထိုင်ခွင့်မရှိဘဲ နေထိုင်ခြင်းအပြင် မူးယစ်ဆေးဝါးပြစ်မှုများဖြင့်တရားစွဲဆိုမည်ဖြစ်ပြီး အခြားမြန်မာတစ်ဦးကိုလည်း မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ဖူးခက်မြို့တွင် ဩဂုတ်လ ၂၄ ရက်နေ့ညကလည်း မြန်မာလူငယ်ဂိုဏ်းတစ်ဂိုဏ်းက လက်နက်အပြည့်အစုံဖြင့် ခေါက်ဆွဲဆိုင်တစ်ဆိုင်ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း Phuket Times သတင်းက ဖော်ပြခဲ့သည်။
ဖူးခက်မြို့တွင် သြဂုတ်လ ၂၂ ရက်နေ့ နံနက်အစောပိုင်းကလည်း လူဝင်မှုကြီးကြပ်ရေးရုံးတွင် မြန်မာသို့ပြန်ပို့ရန် ထိန်းသိမ်းခံထားရသည့် အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးသည် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြခဲ့သည်။
Photo – Phuket Times
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes
TikTok https://www.tiktok.com/@migranttime