သြဂုတ် ၂၉ ၊ Migrant Times ။
ထိုင်းဝန်ကြီးချုပ် ပေထောင်တန် ရှင်နာဝပ်ကို ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်နှင့် ဖုန်းပြောဆိုမှုသည် ကျင့်ဝတ်ဆိုင်ရာဥပဒေများကို ချိုးဖောက်သည်ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ယနေ့ သြဂုတ်လ ၂၉ ရက်တွင် စီရင်ချက်ချပြီး ရာထူးမှ ဖယ်ရှားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက သူမသည် စွပ်စွဲခံထားရသော စွဲချက်များအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ ထိုင်းဝန်ကြီးချုပ် ပေထောင်တန်၏ ကက်ဘိနက်အဖွဲ့ဝင်အားလုံးကို ရာထူးမှ ရပ်စဲခဲ့သည်။
ဘီလျံနာ သူဌေးဟောင်း ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်၏ အငယ်ဆုံးသမီးဖြစ်သူ ပေထောင်တန် သည် နိုင်ငံနှစ်ခုစလုံးက ပိုင်ဆိုင်ကြောင်း အငြင်းပွားနေသည့် နယ်မြေနှင့် ပတ်သက်ပြီး တင်းမာမှုများကို ဆွေးနွေးရန်အတွက် ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နှင့် ဇွန်လ ၁၅ ရက်နေ့တွင် ဖုန်းပြောဆိုရာ၌ နိုင်ငံအတွက် မှန်ကန်စွာ ရပ်တည်မပေးနိုင်ဘဲ တာဝန်ပျက်ကွက်မှုဖြင့် စွပ်စွဲခံခဲ့ရသည်။
ဖုန်းပြောဆိုမှု အသံဖိုင်ကို ကမ္ဘောဒီးယားဘက်က ဇွန်လ ၁၈ ရက်နေ့တွင် အများပြည်သူသို့ ထုတ်ပြန်ခဲ့ပြီး တစ်ရက်အကြာတွင် Blue Group သို့မဟုတ် Bhumjaithai ပါတီနှင့် နီးကပ်စွာ ဆက်စပ်နေသည့် အဖွဲ့မှ အထက်လွှတ်တော်အမတ် ၃၆ ဦးက ပေထောင်တန်ကို ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားရန် အဆိုပြုလွှာတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ကြေညာခဲ့သည်။
အတိုက်အခံများက သူမသည် ကမ္ဘောဒီးယား၏ ခေါင်းဆောင်ဟောင်း ဟွန်ဆန်အပေါ် လွန်စွာ အလျှော့ပေးခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။ သူမက ဟွန်ဆန်ကို “ဦးလေး” ဟု ခေါ်ဝေါ်ခြင်းနှင့် နယ်စပ်လုံခြုံရေး တာဝန်ရှိသည့် ထိုင်းစစ်တပ်မှူးကို ဝေဖန်ခဲ့သည့်ပုံပေါ်ခြင်းတို့ဖြင့် ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု အတိုက်အခံများက ပြောဆိုခဲ့သည်။
ပေထောင်တန်က သူမ၏ လုပ်ဆောင်မှုသည် နိုင်ငံကို မည်သည့်ထိခိုက်မှုမှ မဖြစ်စေခဲ့ဘဲ သံတမန်ရေးရာ မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကာကွယ်ပြောဆိုခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ တောင်းပန်ခဲ့သည်။
သို့သော် ဇွန်လ ၂၀ ရက်နေ့တွင် အထက်လွှတ်တော်အမတ် ၃၆ ဦးကအဆိုပြုလွှာကို လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးသို့ တင်သွင်းခဲ့ကာ ပပေထောင်တန်သည် ကျင့်ဝတ်ဆိုင်ရာစံနှုန်းများကို ပြင်းထန်စွာ ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲပြီး ဝန်ကြီးချုပ်ရာထူးမှ ရပ်စဲသင့်သည်ဟု စီရင်ချက်ချရန် တောင်းဆိုခဲ့သည်။
တရားရုံးက အဆိုပြုလွှာကို လက်ခံခဲ့ပြီး ပေထောင်တန်၏ ကျင့်ဝတ်ချိုးဖောက်မှုကို ပြန်လည်သုံးသပ်ရန် စုစုပေါင်းဆန္ဒဖြင့် မဲပေးခဲ့ကြသည်။ ဇူလိုင်လ ၁ ရက်နေ့တွင် နောက်ဆုံးစီရင်ချက် မချမချင်း ပေထောင်တန်ကို ချက်ချင်း ရာထူးမှ ဆိုင်းငံ့ထားရန် ၇ မဲ ၂ မဲဖြင့် မဲပေးဆုံးဖြတ်ခဲ့သည်။
ပေထောင်တန်ကို ရာထူးမှ ဆိုင်းငံ့ထားစဉ်တွင် နယ်စပ်တင်းမာမှုများ မြင့်တက်လာခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ငါးရက်ကြာ နယ်စပ်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ လူ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ၂၆ဝ,ဝဝဝ ကျော်သည် နေအိမ်များမှ ထွက်ပြေးခဲ့ရသည်။
ယာယီဝန်ကြီးချုပ် ဖူမ်းသမ် ဝေချာယာချိုင်းသည် အဆိုပါအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ပေထောင်တန်နေရာတွင် ဝင်ရောက်ခဲ့သည်။ ဇူလိုင်လ ၂၈ ရက်နေ့တွင် မလေးရှား အာဆီယံဥက္ကဋ္ဌ အန်ဝါ အီဘရာဟင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နှင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရန် ခရီးသွားခဲ့သည်။ ယာယီဝန်ကြီးချုပ်သည် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာအောင် တွန်းအားပေးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံမှ ကျေးဇူးတင်ကြောင်း ဖုန်းခေါ်ဆိုမှုကိုလည်း လက်ခံရရှိခဲ့သည်။
ဩဂုတ်လ ၂၅ ရက်နေ့ တရားရုံးကြားနာမှုတွင် ပေထောင်တန်က ကမ္ဘောဒီးယားခေါင်းဆောင်နှင့် သူမ၏ ဆက်သွယ်ပြောဆိုမှုသည် နိုင်ငံနှစ်ခုကြား လက်နက်ကိုင်ပဋိပက္ခများကို ရှောင်ရှားရန် ရည်ရွယ်ပြီး ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။
Ref/Photo – khaoso,ထိုင်းရတ်
ဓာတ်ပုံ – ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့တွင် အစိုးရအိမ်တော်သို့ လာရောက်ခဲ့သည့် ပေထောင်တန်။
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes
TikTok https://www.tiktok.com/@migranttime