ကိုရီးယားမှာ မြန်မာအပါအဝင် လုပ်သားတွေရဲ့အခြေခံလစာတိုး
ဒီဇင်ဘာ ၂၉ ရက်၊ Migrant Times
- တောင်ကိုရီးယားနိုင်ငံမှာ မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားတွေရဲ့အခြေခံလုပ်ခလစာကို ဇန်နဝါရီလကစပြီး တိုးမြှင့်လိုက်တယ်လို့ အဲဒီနိုင်ငံသတင်းတွေအရ သိရပါတယ်။လက်ရှိတစ်နာရီလုပ်အားခ ဝမ် ၉၁၀၀ ကျော်ကနေ ၉၆၀၀ ကျော်တိုးမြှင့်လိုက်တာဖြစ်ပြီး မြန်မာငွေအားဖြင့်တစ်နာရီလုပ်အားခ ကျပ် ၁၀၀၀ ခန့်တိုးမြှင့်တာဖြစ်ပါတယ်။အဲဒါကြောင့် တစ်လကို ၈နာရီအလုပ်ချိန်အတိုင်းဆို ကျပ် နှစ်သိန်းခွဲနီးပါး ပိုခံစားခွင့်ရမှာဖြစ်သလို အချိန်ပိုကြေးလည်းတိုးမြှင့်လာမှာဖြစ်တယ်လို့ ကိုရီးယားရောက်မြန်မာအလုပ်သမားတွေကဆိုပါတယ်။
- ” အလုပ်သမားတွေအတွက်ကောင်းတာပေါ့။အခုနူန်းထားအသစ်ကလာမယ့် ဒီဇင်ဘာလကုန်အထိအကျုံးဝင်တယ်လို့သိရတယ် “လို့ မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။တောင်ကိုရီးယားနိုင်ငံဟာ လုပ်ခလစာကောင်းတဲ့အတွက် မြန်မာလုပ်သားတွေသွားရောက်လုပ်ကိုင်လိုသူများပြားနေပါတယ်။လက်ရှိအဲဒီနိုင်ငံမှာ မြန်မာလုပ်သား ၅၀၀၀၀ နီးပါးရောက်ရှိလုပ်ကိုင်နေသလိုဆက်လက်ထွက်ခွာနေသူတွေလည်းအများအပြားရှိနေပါတယ်။ကိုရီးယားနည်းတူ မြန်မာလုပ်သားတွေအများဆုံးသွားရောက်လုပ်ကိုင်နေတဲ့ထိုင်းနဲ့မလေးရှားတို့မှာလည်းဒီနှစ်ပိုင်းအတွင်းအခြေခံလုပ်ခနှုန်းထားတွေတိုးမြှင့်ထားကြပါတယ်။မြန်မာနိုင်ငံမှာ တော့ ၂၀၁၈ ကသတ်မှတ်ခဲ့တဲ့တစ်ရက် လုပ်ခ ၄၈၀၀ ကျပ်နှုန်းဟာ အခုထိ ပြောင်းလဲမှုမရှိတာကြောင့် အလုပ်သမားတွေ ဖူလုံမှုမရှိသလို ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။
(တောင်ကိုရီးယားကို ယခုလအတွင်း ထွက်ခွာသည့် မြန်မာလုပ်သားများကို တွေ့ရစဥ်)