အပူလွန်ကဲတာကြောင့် စက်ရုံလုပ်သားတွေဖျားနာမှုများနေ

အပူလွန်ကဲတာကြောင့် စက်ရုံလုပ်သားတွေဖျားနာမှုများနေ
- အပူလွန်ကဲမှုကြောင့် ပြည်တွင်းက စက်ရုံတွေမှာ အလုပ်သမားတွေ ဖျားနာတဲ့အရေအတွက်တိုးလာနေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေနဲ့လုပ်သားတွေဆီက သိရပါတယ်။အပူရှိန်မြင့်တက်ကာ လျှပ်စစ်မီးရရှိမှုမမှန်တဲ့အတွက် အလုပ်သမားတွေအနေနဲ့ ကောင်းစွာအိပ်စက်အနားယူခွင့်မရသလို လုပ်ငန်းခွင်မှာလည်း ပူလောင်တဲ့ဒဏ်ကြောင့် ပိုပြီး ပင်ပန်းနေရတယ်လို့ဆိုပါတယ်။”ကျွန်တော်လည်းဖျားနေတယ်။ အားမရှိသလိုခံစားနေရတယ်။ကောင်းကောင်းမှမနားရတာ။စက်ရုံထဲမှာလည်းတော်တော်များများနေမကောင်းကြဘူး”လို့ မင်္ဂလာဒုံစက်မှုဇုန်မှ စက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။
- စက်ရုံတွေမှာ အအေးပေးစနစ်ကောင်းစွာမထားပေးတဲ့အတွက် အလုပ်သမားတွေအနေနဲ့ချွေးတလုံးလုံးနဲ့ အလုပ်လုပ်ကိုင်နေကြရတယ်လို့လည်းဆိုပါတယ်။ဒါ့အပြင် ကိုဗစ်ရောဂါလက္ခဏာတွေနဲ့ဖျားနာနေတာကြောင့် အလုပ်သမားတွေကြားထဲ စိုးရိမ်မှုတွေရှိနေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။”ဖြစ်နေကြတာကိုဗစ်လား၊ဘာလားတော့မသိဘူး။အဓိကကတော့ အလုပ်သမားတွေ ကောင်းကောင်းမနားရတော့ ကိုယ်ခံအားတွေ ကျနေကြတာတော့ အမှန်ပဲ”လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
- အဲဒီလို နေမကောင်း၊ ဖျားနာမှုတွေရှိနေပေမယ့် စက်ရုံအများစုက ခွင့်ရက်မပေးဘဲ အလုပ်ဆင်းခိုင်းတာတွေရှိနေတယ်လို့လည်း သူတို့က ဆိုပါတယ်။နေမကောင်းလို့အလုပ်မဆင်းဘဲ နားရင် လစာထဲကနေလုပ်ခ ဖြတ်တာ၊ အလုပ်မဆင်းခိုင်းတော့တာမျိုးတွေရှိနေတာကြောင့် မလွန်ဆန်နိုင်ဘဲ ဆင်းနေကြရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
