ထိုင်းကိုသွားမယ့် MoUအလုပ်သမားတွေ အလုပ်ရှင်၊အလုပ်သမားသဘောတူစာချုပ် ရန်ကုန်မှာပဲ ချုပ်ရမယ်

ထိုင်းကိုသွားမယ့် MoUအလုပ်သမားတွေ အလုပ်ရှင်၊အလုပ်သမားသဘောတူစာချုပ် ရန်ကုန်မှာပဲ ချုပ်ရမယ်
- ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်ရမယ့် MoUအလုပ်သမားတွေအနေနဲ့ အလုပ်ရှင်၊ အလုပ်သမားသဘောတူစာချုပ်ကို ရန်ကုန်မြို့မှာပဲ ပြန်လည်ချုပ်ဆိုခွင့်ပေးထားတယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဦးမြင့်နောင်က ပြောပါတယ်။မနေ့ကပြုလုပ်တဲ့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မူလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)ရဲ့နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးမှာ ဦးမြင့်နောင်က ပြောကြားခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံကိုသွားရောက်မယ့် MoUအလုပ်သမားတွေအနေနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကစလို့ သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်တွေမှာပဲ အလုပ်ရှင်၊ အလုပ်သမားသဘောတူစာချုပ်ကို ချုပ်ဆိုစေခဲ့ရာကနေ စက်တင်ဘာလ ၁၁ရက်ကစလို့ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိအလုပ်သမားသင်တန်းကျောင်းမှာပဲ စာချုပ်ချုပ်ဆိုခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။
- အဲဒီလို ရန်ကုန်မှာပဲ စာချုပ်ပြန်ချုပ်ခွင့်ပေးလိုက်တာကြောင့် အလုပ်သမားရော၊ အေဂျင်စီတွေအတွက်ပါအဆင်ပြေစေတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။” အေဂျင်စီတွေက နယ်တကာသွားပြီး စာချုပ်လိုက်ချုပ်ပေးရတဲ့ အခက်အခဲကင်းသွားတယ်။ အလုပ်သမားတွေအနေနဲ့ကလည်း ရန်ကုန်မှာ တစ်ခါတည်း စာချုပ်ချုပ်ရတော့ ပိုပြီးမြန်ဆန်သွားစေတယ် ” လို့ သူက ပြောပါတယ်။ဒါ့အပြင် ပြည်ပသွားရောက်မယ့်အလုပ်သမားတွေအနေနဲ့ အေဂျင်စီတွေနဲ့ စံသဘောတူစာချုပ်ကို စက်တင်ဘာလ ၁ ရက်ကစပြီး ချုပ်ဆိုဖို့လည်း ညွန်ကြားထားပြီးဖြစ်တယ်လို့ ဦးမြင့်နောင်က ဆိုပါတယ်။
- အဲဒီစံသဘောတူစာချုပ်မှာ အလုပ်သမားတွေအနေနဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းကနေမိသားစုထံ လွှဲပို့ရမယ်ဆိုတဲ့အချက် ထည့်သွင်းထားတာဖြစ်ပါတယ်။အဲဒီလို ပြည်ပသွားရောက်မယ့်အလုပ်သမားတွေကို ငွေ မဖြစ်မနေပို့ဖို့ စာချုပ်နဲ့ အကျပ်ကိုင်စေခိုင်းတဲ့အပေါ် ပြည်ပရောက်အလုပ်သမားတွေကြားမှာ ဝေဖန်မှုတွေရှိနေပါတယ်။လက်ရှိမှာ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့်ပြုထားတဲ့အေဂျင်စီ ၄၇၀ ခန့်ရှိပြီး ထိုင်းကိုစေလွှတ်ခွင့်ရထားတဲ့အေဂျင်စီ ၁၅၀ ခန့်ရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။