မြန်မာစစ်သင်္ဘောက ထိုင်းငါးဖမ်းလှေတွေကို ပစ်ခတ်လို့ တစ်ဦး​သေဆုံး

ဒီဇင်ဘာ ၁ရက်၊ Migrant Times
မြန်မာစစ်သင်္ဘောက ထိုင်းငါးဖမ်းလှေတွေကို ပစ်ခတ်တာကြောင့် တစ်ဦး သေဆုံးခဲ့ပြီး ထိုင်းငါးဖမ်းလုပ်သား ၃၀ ကျော်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ထိုင်းမီဒီယာ The Nationက ဖော်ပြခဲ့ပါတယ်။
နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းက ထိုင်းရေပိုင်နက်ထဲမှာ ထိုင်းငါးဖမ်းလှေ ၃ စီးကို မြန်မာ စစ်သင်္ဘောက ပစ်ခတ်ခဲ့တာလို့ ထိုင်းရဲ့ The Nation သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဲဒီ ပစ်ခတ်မှုအတွင်း အထိတ်တလန့် ခုန်ချရာက ငါးဖမ်းလှေ လုပ်သား ၁ ဦး ရေနစ်သေခဲ့ပြီး နောက်
ထပ် ၃၁ ဦးကိုလည်း မြန်မာဖက်က ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းငါးဖမ်းလှေတွေဟာ ခိုဖရမ် အနောက်ဖက် ကမ်းလွန် ကီလိုမီတာ ၂၀ လောက် အကွာမှာ ငါးဖမ်းနေခဲ့ကြောင်း၊ အဲဒီနောက် မြန်မာဖက်က ရေယာဉ်တချို့ ရန်လိုတဲ့ ပုံစံနဲ့ ချဉ်းကပ်လာတဲ့နောက် ထိုင်းငါးဖမ်းလှေတွေဟာ ပိုက်ကွန်တွေကို ဖြတ်ချထားပြီး စက်ရှိန်မြှင့် ခုတ်မောင်းရင်း တိမ်း
ရှောင်ဖို့ ကြိုးစားခဲ့ကြောင်း ဖော်ပြထားခဲ့ပါတယ်။
ပစ်ခတ်မှုကြောင့် အရှုပ်အထွေးတွေ ဖြစ်ခဲ့တဲ့ အတောအတွင်း ငါးဖမ်းလှေ လုပ်သား ၁ ယောက် သေနတ်ထိမှန် ဒဏ်ရာရခဲ့သလို နောက်ထပ် ၁ ယောက်လည်း ဓာတ်လိုက်ခဲ့ကြောင်း၊ အခင်းဖြစ်ရာ ရေပြင်ဆီ ရောက်သွားခဲ့တဲ့ ထိုင်းကင်းလှည့်ရေယာဉ်က အဲဒီ ဒဏ်ရာရသူတွေကို ရနောင်းဆီ ပို့ဆောင်ပြီး ဆေးရုံတင်ပို့ခဲ့ကြောင်း သိရပါတယ်။ ရေနစ်သေဆုံးသူကိုလည်း ရနောင်းကို ပြန်လည် သယ်ယူထားပြီး နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေအတွက် စီစဉ်နေပါတယ်။
ငါးဖမ်းလှေတွေပေါ်မှာ လိုက်ပါခဲ့သူတွေထဲက ထိုင်း ၄ ယောက်နဲ့ မြန်မာ ၂၇ ယောက်ကတော့ မြန်မာ့ ရေပိုင်နက်ထဲ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရပြီး အခုထိ ပြန်မလွတ်သေးဘူးလို့ ထိုင်းရေကြောင်း စိုးမိုးရေး ဗဟိုဌာနက ပြောပါတယ်။
ကိုးကား၊ဓာတ်ပုံ – The Nation
(ငါးဖမ်းလုပ်သား​တွေကို ပစ်ခတ်ခဲ့​သော စစ်​ကောင်စီ သ​ဘော်နှင့် ထိုင်းပင်လယ်ပြင်တွင် ထိုင်း​တော်ဝင်​ရေတပ်စစ်သင်္ဘောက စစ်​ကောင်စီ စစ်သင်္ဘောကို ​စောင့်ကြည့်စဥ်။ဓါတ်ပုံ- The Nation)

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *