လွတ်ရက်စေ့ပြီးချိန်အထိ နေရပ်ပြန်မပို့လို့ ဆန္ဒပြခဲ့တဲ့ထိုင်းနိုင်ငံ ရနောင်းအချုပ်က မြန်မာ ၆၀၀ ဦးကို သုံးသုတ်ခွဲပြီး နေရပ်ပြန်ပို့မယ်

လွတ်ရက်စေ့ပြီးချိန်အထိ နေရပ်ပြန်မပို့လို့ ဆန္ဒပြခဲ့တဲ့ထိုင်းနိုင်ငံ ရနောင်းအချုပ်က မြန်မာ ၆၀၀ ဦးကို သုံးသုတ်ခွဲပြီး နေရပ်ပြန်ပို့မယ်
- ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်း လဝက အချုပ်ခန်းက မြန်မာ ၆၀၀ ဦးဟာ လွတ်ရက်စေ့ပြီးချိန်အထိ နေရပ်ပြန်မပို့လို့ ဇန်နဝါရီလ ၂၈ ရက်မှာ ဆန္ဒပြခဲ့ပြီးနောက် သူတို့ကို သုံးသုတ်ခွဲပြီး မြန်မာနိုင်ငံ ပြန်ပို့ဖို့ ထိုင်းအာဏာပိုင်တွေက စီစဥ်နေပါတယ်။လွတ်ရက်စေ့ပြီး မြန်မာပြည်ပြန်ပို့ဖို့ စောင့်ဆိုင်းနေကြတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ တချို့က ၆ လ၊ ၇လခန့ျ အခု အချုပ်မှာ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။အဲဒီမြန်မာလုပ်သားတွေဟာ ဇန်နဝါရီလ ၂၈ ရက်မှာ အချုပ်တွင်း ဆန္ဒပြခဲ့တာကြောင့် မြန်မာသံရုံးအလုပ်သမားသံအရာရှိ ဉီးတင်အောင်က IDC တာဝန်ရှိသူများ၊ ထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားခေါင်းဆောင်များနဲ့ သွားရောက်တွေ့ဆုံပြီး ညှိနှိုင်းဖြေရှင်းခဲ့တယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
- ညှိနှိုင်းချက်အရ ထိန်းသိမ်းခံထားရသူ ၆၀၀ ဦးအနက် ၂၂၀ ဦးကို လာမယ့် ဖေဖော်ဝါရီလ ၂ ရက်မှာ ကော့သောင်းကတစ်ဆင့် နေရပ်ပြန်ပို့မှာဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်နဲ့ ၁၅ ရက်မှာ ကျန်တဲ့ထိန်းသိမ်းခံထားရသူတွေကို ပြန်ပို့ဖို့ စီစဥ်ထားတယ်လို့ သံရုံးက သတင်းထုတ်ပြန်ပါတယ်။ကိုဗစ်-၁၉ ကူးစက်ရောဂါကာလဖြစ်တာကြောင့် ကန့်သတ်အရေအတွက်နဲ့ နေရပ်ပြန်ပို့နေတာဖြစ်တယ်လို့ ထိုင်းဘက်က ရှင်းလင်းပြောကြားခဲ့တယ်လို့ သံရုံးက ဆိုပါတယ်။အချုပ်တွင်းက တခြားလုပ်သားတွေကို အသိပေးပြီး ဆန္ဒပြစာတမ်းတွေ ဖြုတ်သိမ်းကာ အေးချမ်းစွာ စောင့်ဆိုင်းမယ်လို့ ထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားခေါင်းဆောင်တွေက ပြန်လည်ပြောကြားခဲ့တယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။