YFAစက်ရုံပိုင်ရှင် ရုံးချိန်းမလာလို့ လက်ရှိစက်ရုံတာဝန်ယူထားတဲ့ဒါရိုက်တာတစ်ဦးကို ပြောင်းလဲတရားစွဲ

YFAစက်ရုံပိုင်ရှင် ရုံးချိန်းမလာလို့ လက်ရှိစက်ရုံတာဝန်ယူထားတဲ့ဒါရိုက်တာတစ်ဦးကို ပြောင်းလဲတရားစွဲ
- အလုပ်သမားဖြစ်သူက တရားစွဲဆိုထားတဲ့ YFAစက်ရုံပိုင်ရှင်ဖြစ်သူဟာ ရုံးချိန်းတိုင်းတက်ရောက်ရင်ဆိုင်ဖို့ပျက်ကွက်နေတဲ့အတွက် လက်ရှိအဲဒီစက်ရုံကိုတာဝန်ယူထားတဲ့ဒါရိုက်တာတစ်ဦးဖြစ်သူတရုတ်နိူင်ငံသား Arkio Wada ဆိုသူကိုပြောင်းလဲတရားစွဲဆိုထားတယ်လို့ အဲဒီအလုပ်သမားအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ဆီကသိရပါတယ်။အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ကိုချိုးဖောက်အလုပ်ထုတ်လို့ဆိုပြီး အလုပ်သမားဖြစ်သူ မအိပိုပိုလှိုင်က YFAစက်ရုံပိုင်ရှင်ကို ရွှေပြည်သာမြို့နယ်တရားရုံးမှာတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
- တရားစွဲဆိုခံရပြီးတဲ့နောက် စက်ရုံပိုင်ရှင်ဟာ တရုတ်နိူင်ငံကိုထွက်သွားခဲ့ပြီး မတ်လ ၃၁ရက်ကခေါ်ယူတဲ့ရုံးချိန်းအပါအဝင် လေးကြိမ်လုံးပျက်ကွက်ခဲ့တာလို့ STUMတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။”စက်ရုံပိုင်ရှင်ကပျက်ကွက်နေတဲ့အတွက် စက်ရုံနာမည်နဲ့ပြောင်းတရားစွဲဖို့လုပ်တယ်။တရားသူကြီးကစက်ရုံတာဝန်ရှိသူတစ်ဦးဦးရဲ့အမည်တရားစွဲဖို့လမ်းညွန်လို့ လက်ရှိတာဝန်ယူနေသူကိုပြီးခဲ့တဲ့ရုံးချိန်းမှာပြောင်းတရားစွဲလိုက်တာ”လို့သူကပြောပါတယ်။
- အဲဒီအလုပ်သမားရဲ့ တရားစွဲဆိုမှုနဲ့ပတ်သက်လို့ နောက်ရုံးချိန်းကို ဧပြီ ၂၅ရက်မှာခေါ်ယူထားပြီး ပြောင်းလဲတရားစွဲခံရသူ တက်ရောက်ရင်ဆိုင်၊မဆိုင်ကို အဲဒီနေ့မှ သိရမှာဖြစ်ပါတယ်။အခုလိုတရားစွဲဆိုမှုဟာ အထည်ချုပ်စက်ရုံ လောကမှာ အလုပ်သမားဖြစ်သူက နစ်နာမှုအတွက် စက်ရုံဘက်ကို တရားရုံးမှာ ပထမဆုံးတရားစွဲဆိုမှုလည်းဖြစ်ပါတယ်။
